စူဠာမဏိစေတီတော်

Listing Description

စူဠာမဏိစေတီသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မင်းနန်သူရွာတွင်တည်ရှိပါသည်။ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူဘုရားဖြစ်ပြီး ၁၁၈၃ ခုနှစ်၊ အောက်တိုဘာ ၂၀ တွင် နရပတိစည်သူမင်း တည်ထားခဲ့ပါသည်။ စေတီတော်၏ ပန္နက်အခြေခံမှာ စတုရန်းပုံဖြစ်ပြီး လေးမျက်နှာတွင် အာရုဏ်ခံမုခ်များရှိကာ အရှေ့ဘက်မျက်နှာ အာရုဏ်ခံမုခ်သည် အခြားမုခ်များထက်ပို၍ ရှေ့ဘက်သို့ စွန်းထွက်ကာ အလျားရှည်သည်။ ထောင့်ကွေ့များ၌လည်း ပုထိုးငယ်များ၊ မုခ်စုလစ် အင်္ဂတေထောင့်ပန်းများ ပါရှိသည်။ ပစ္စယာများတွင် အရွယ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိသော စဉ့်ကွင်းများဖြင့် တန်ဆာဆင်ထား၏။ မြေညီထပ်တွင် အခိုင်အခံ့ဆောက်ထားသည့် အလယ်မဏ္ဍိုင် ရှိသည်။ ယင်းကို ပတ်သည့်စင်္ကြံပတ်လမ်းလည်း ရှိသည်။ ထိုမဏ္ဍိုင်၏ လေးဖက်မျက်နှာတို့တွင် ပလ္လင်အမြင့်ပေါ်၌ တင်ပျဉ်ခွေ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ဖူးမြော်နိုင်ပါသည်။ အရှေ့ဘက် အာရုဏ်ခံခန်းမမှဝင်လျှင် ဂန္ဓကုဋိတိုက်ကို တွေ့ရမည်။ အလယ်မဏ္ဍိုင်၌ ဗုဒ္ဓဆင်းတုတော် လေးဆူရှိသည်။ အရှေ့ဘက်သို့ မျက်နှာမူသည့် ဆင်းတုတော် တည်နေရာသည် အခြားသုံးဖက်ထက် ပို၍ကျယ်ကာ အတွင်းသို့ ချိုင့်ဝင်နေသည်။ မဏ္ဍိုင်အတွင်းသို့ အခြားသုံးဆူထက် ပို၍ နေရာယူထားသည်။ အခြားသုံးဆူမှာ နံရံ၌ ကပ်ရုံကပ်ထားသည်။ ထုထည်ကောင်းသော အုတ်နံရံအတွင်း တောင်ဘက်၊ မြောက်ဘက် နှစ်နေရာ၌ အထက်ပစ္စယာသို့တက်ရန် ကျဉ်းမြောင်းသော ကြောင်လိမ်လှေကားထစ်များကို ပြုလုပ်ထားသည်။ ထိုလှေကားမှထွက်လျှင် စင်္ကြံပတ်လမ်းမှ အရှေ့ဘက်ပေါ်တက်ရန် အုတ်လှေကား နှစ်ဆင့်ကို တွေ့ရသည်။ ထိုမှ အပေါ်ဆောင်သို့ တက်ပြန်လျှင် ဂန္ဓကုဋိအတွင်း၌ ဗုဒ္ဓဆင်းတုတော်ကြီးကို ဖူးနိုင်သည်။ အတွင်းစင်္ကြ ပေါင်းကူးနံရံများ၌ ပုဂံခေတ်ဆေးရေးပန်းချီများကို တွေ့နိုင်သည်။ အချို့နေရာတွင် ကုန်းဘောင်ခေတ် နံရံပန်းချီများ ထပ်မံရေးဆွဲထားသည်ကို တွေ့ရသည်။ လိုဏ်ဂူကို ခိုင်ခံ့စေရန်အတွက် အုတ်များတွင် အချို့နေရာ၌ ကျောက်အုတ်များဖြင့် ညှပ်ကာ ဆောက်ထားသည်ကိုလည်း တွေ့ရသည်။ ပုဂံခေတ် အင်္ဂတေပန်းတော့ လက်ရာများတွင် လှပသော ကနုတ်ပန်းများ၊ ပုလဲကုံးများ၊ ဘီလူးပန်းဆွဲ၊ တိုင်ဖုံးစုလစ်ပန်း၊ တံကဲပန်းများကိုလည်း တွေ့မြင်နိုင်သည်။ လိုဏ်ဂူမြောက်ဘက်မုခ် အာရုံခံ၌ စူဠာမဏိ မူလတည်စဉ်က မော်ကွန်းတင်ကျောက်စာကို တွေ့နိုင်သည်။ ထိုမှတစ်ပါး အတွင်းနံရံများတွင် ပုဂံခေတ်နှင့် နောက်ပိုင်းရေးထားသော နံရံမင်စာများကိုလည်း လေ့လာနိုင်သည်။ တိုက်မ အထက်ရှိ ပစ္စယာဆင့်များတွင် ပုံစံအမျိုးမျိုး အကွက်အမျိုးမျိုး ဖော်ထားသည့် စဉ့်သုတ်စိန်တန်းများဖြင့် တန်ဆာဆင်ထားပါသည်။ ဂူဘုရား၏ အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် တိုင်ဖုံးပန်းများ၊ ဘီလူး ပန်းဆွဲများ၊ ကနုတ်ပန်းများ၊ ပုလဲလုံးများ၊ ရာမလက်ညှိုးနှင့် စုလစ်မွန်းချွန် တံကဲပန်းများကို လေ့လာနိုင်ပါသည်။ ဂူဘုရား၏ ပစ္စယာအဆင့်ဆင့် စိန်တန်းများတွင် စဉ့်ဝါနှင့် စဉ့်စိမ်းရောင် စဉ့်ကွက် စဉ့်ပန်းများဖြင့် မွမ်းမံ တန်ဆာဆင် ထားပါသည်။