စောဘိုမြ (၁၉၂၇ - ၂၀၀၄)

Listing Description

ကရင်အမျိုးသား တော်လှန်ရေး ခေါင်းဆောင်ကြီး ဖြစ်ပြီး ဗိုလ်ချုပ်ကြီး ရာထူးအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ဖာပွန်ခရိုင် ကျောက်ကြီးမြို့နယ် ထီးမူးခီး ကျေးရွာ၌ အဖ စောဂယ် နှင့် အမိ နော်ဒါးဆဲ တို့က ၁၉၂၇ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း မောင်နှမ ၁၂ ယောက် ရှိသည့်အနက် ၁ဝ ယောက်မြောက်သား ဖြစ်သည်။ ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဆရာမ နော်လားဖိုးနှင့် လက်ထပ်ပြီး စောနေကော်၊ စောနယ်ဒါးမြ၊ နော်အဲလစ်၊ မိစိုး၊ မော်တူးလူး၊ စောနေစိုးမြ၊ နော်ဂျဲ စတဲ့ သားသမီး ၇ ဦး ထွန်းကားခဲ့သည်။

ကရင့် တော်လှန်ရေး စတင်ချိန် ၁၉၄၉ ခုနှစ် ကတည်းက ပါဝင် လာခဲ့သော ဗိုလ်ချုပ်ကြီး စောဘိုမြသည် လက်နက်ကိုင် တော်လှန်ရေးကို ၅၇ နှစ် နီးပါး ဆင်နွှဲခဲ့သူ ဖြစ်သည်။

၁၉၇၆ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ် အထိ ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် နေစဉ် အတွင်း KNU စစ်ဦးစီးချုပ် တာဝန်ကိုလည်း ဆောင်ရွက် ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် ကျင်းပသည့် ကေအဲန်ယူ (၁၂) ကြိမ်မြောက် ပါတီ ကွန်ဂရက်တွင် ဗိုလ်ချုပ်ကြီး ဒုဥက္ကဋ္ဌနှင့် ကာကွယ်ရေးရာ ဌာနကြီးမှူး အဖြစ် ပြန်လည် ရွေးကောက် တင်မြောက် ခံရသည်။

မိခင် KNU အဖွဲ့အစည်း တာဝန်များ အပြင် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) တွင် ၁၉၇၇ ခုနှစ်မှ ၁၉၈၇ ခုနှစ် အထိ ဥက္ကဋ္ဌ တာဝန် ယူခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) နှင့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (DAB) စသည့် အဖွဲ့အစည်း များတွင်လည်း ၁၉၉၁ မှ ၂ဝဝ၄ ခုနှစ် အထိ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင် ခဲ့သည်။ ၂ဝဝ၆ ခုနှစ် (ကွယ်လွန်ချိန်) အထိ နာယကကြီး အဖြစ် တာဝန် ယူခဲ့ပြီး KNU ကာကွယ်ရေး ဌာနကြီးမှူး တာဝန်ကိုလည်း ထမ်းဆောင် သွားခဲ့သည်။

ကရင့် တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြသည် ၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၂ နာရီ အချိန်တွင် မဲဆောက်မြို့ ဖာဝေါ့ ပုဂ္ဂလိက ဆေးရုံကြီး၌ ဆီးချို၊ နှလုံး စသည့် ရောဂါများဖြင့် ကွယ်လွန် သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီ ဖြစ်ပြီး ဇနီးနှင့် သားသမီး ၇ ဦး ကျန်ရစ် ခဲ့သည်။