နရသီဟပတေ့မင်းကောင်းမှုဘုရား

Listing Description

နရသီဟပတေ့မင်း ခေါ် တရုတ်ပြေးမင်း၏ကောင်းမှုဘုရားကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ မင်းနန်သူရွာမြောက်ဘက် ဘုရားသုံးဆူနှင့် တည့်တည့်လမ်းအတိုင်း သွားရောက်ဖူးမြော်နိုင်ပါသည်။ ဘုရားကြီးကို ခရစ်နှစ် ၁၃ ရာစုတွင် ကွမ်းတောင်ပေါက် လိုဏ်သုံးဆင့်ဂူဘုရားအဖြစ် နရသီဟပတေ့မင်း တည်ထားခဲ့ပါသည်။ သဲကျောက်ပေါ်တွင် စဉ့်သုတ်လက်ရာ ရှိသည့်ဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်သည်။ ဂူဘုရား၏အတွင်းနံရံတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများဆိုင်ရာ ပန်းချီကွက်များ၊ ဗုဒ္ဓဝင်ခန်းများကို လေ့လာကြည့်ရှုနိုင်ပါသည်။ ထို့ပြင်ကမ္ဗည်းစာတမ်းရှည်ကြီးများကိုလည်း တွေ့ရှိနိုင်ကြပါသည်။ တောင်ဘက်နံရံတွင် အမတ် ကြီးကင်္ကဖြစ်က ကျောင်းကို မြေလှူခဲ့ကြောင်း မှတ်တမ်း တင်ထားပါသည်။ ၁၂၄၈ ခုနှစ်တွင် ရေးဖွဲ့ထားခြင်းဖြစ်ရာ ကျစွာမင်းလက်ထက်ကပင် ဂူဘုရားကိုတည်ခဲ့ပြီး နရသီဟ ပတေ့မင်းလက်ထက်၌ အပြီးသတ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဂူဘုရားကြီးအပေါ်ထပ်သို့ လှေကားကြီးများမှ တက်ရောက်ရပြီး အထက်သို့တက်ရန် လှေကားလည်းရှိပါသည်။ မူလကွမ်းတောင်နေရာမှာ ပျက်စီးသွားခဲ့၏။ ဂူဘုရားအပေါ်ထပ်ထောင့် စေတီများတွင် အင်္ဂတေပန်းတော့လက်ရာများကို လေ့လာနိုင်ပါသည်။ ထို့ပြင်အပေါ်ဆင့် စိန်တန်းများ၌ စဉ့်ကွက်များရှိပါသည်။ ဂူဘုရား၏အပြင် နံရံပတ်လည်၌လည်း တိုင်ဖုံးပန်းများ၊ ပန်းဆွဲများနှင့် တိရစ္ဆာန်ပုံများကို လေ့လာနိုင်ပါသည်။ နရသီဟပတေ့မင်းကောင်းမှုဂူဘုရားမှာ မင်းနန်သူရွာတဝိုက်တွင် အမြင့်ဆုံးဖြစ်သဖြင့် အပေါ်ထပ်မှ နေ၍ ပုဂံရှုမျှော်ခင်းကို လေ့လာကြည့်ရှု ခံစားနိုင်ပါသည်။