သူဌေးမုခ်ဂူဘုရား

Listing Description

သူဌေးမုခ်ဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည့် လိုဏ်နှစ်ဆင့် ကွမ်းထောင်ပေါက် ဂူဘုရား ဖြစ်ပါသည်။ ပုဂံပြတိုက် ကျောက်စာရုံအမှတ်(၁) တွင် ပြသထားရှိသော ကျောက်စာတိုင်အမှတ် ၁၆၀ အရ မြန်မာသက္ကရာဇ် ၅၅၉ ခုနှစ်တွင် ဇေယျာသူဌေးဇနီးမောင်နှံ တည်ဆောက်လှူဒါန်းထားခဲ့သော ဂူဘုရားဖြစ်ကြောင်းသိရပါသည်။ ဇေယျသူဌေးမောင်နှံသည် ဂူလွှတ်ပွဲနှင့်အတူ ဘုရားသို့ ရေစက်တော်သွန်း၍ လှူခဲ့သော ကြေးကွံပူ ကြေးသပိတ်၊ ကြေးခြူး၊ ကြေးကြာ၊ ကြေးဆီမီးတိုင်များနှင့် ခေါင်းလောင်းအပြင် စသည်တို့ မြန်မာပန်တျာ ၁၃၊ ကုလားကချေ(ခြိတ်) ၅-ယောက် ဘုရားကျွန်အမြောက်အများနှင့် လယ်ယာမြေပေါင်းများစွာကိုလည်း လှူဒါန်းခဲ့ကြောင်း မှတ်တမ်းကမ္ပည်း ရေးထိုးခဲ့ပါသည်။ စေတီတော်သည် နှောင်းခေတ်ကုသိုလ်ရှင်များ ထုံးသင်္ကန်းကပ်လှူထား၍ ရှေးဟောင်းအသွင် ပျောက်ကွယ်လျက်ရှိပါသည်။ သို့သော် အခြေခံဗိသုကာနှင့် နှစ်ထပ်ဂူ အလုပ်ဆောင်တို့မှာ ပုဂံခေတ် လက်ရာအဖြစ် မြင်တွေ့နိုင်ပါသေးသည်။