မြသိန်းတန်စေတီ

Listing Description

မြသိန်းတန်စေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ အမှတ် (၃) ရပ်ကွက်အတွင်းရှိ တောင်ကုန်းပေါ်တွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရပြီး အလောင်းစည်သူမင်းကြီး ဖောင်စင်္ကြာဖြင့် တိုင်းခန်းလှည့်လည်လာစဉ် ထိုစေတီကို ဖူးမြင်ရသည့်အတွက် ကြည်ညိုလှသဖြင့် အဖိုးတစ်သိန်းထိုက်တန်သော မြခါးပတ်ကို ထိုစေတီတော်တွင် လှူဒါန်းခဲ့ရာ ယင်းသို့ မြခါးပတ် လှူခဲ့သည်ကို အစွဲပြု၍ မြသိန်းတန်စေတီဟု ဘွဲ့အမည်တွင်သည်ဟု သိရပါသည်။ ကောဇာသက္ကရာဇ် ၁၂၁၆ ခုနှစ်တွင် မြတောင်မြို့စား အညာမြစ်စဉ်ခြောက်မြို့ဝန် မင်းသတိုးမင်းလှကျော်သူနှင့် ဒါယကာ၊ ဒါယိကာမတို့က ထပ်မံပြုပြင်မွမ်းမံခဲ့ပါသည်။ အမြင့်သံတောင် ခြောက်ဆယ်ရှိသော မှန်စီရွှေချ ဟင်္သာရုပ်တံခွန်တိုင်ကြီးကိုလည်း စေတီတော်ကြီး အင်္ဂါထောင့်တွင် စိုက်ထူပူဇော်ခဲ့သည်။ ကြေးချိန် ၁၈၇ ပိဿာ ၂၀ ကျပ်သားရှိ မဟာဝဏ္ဏခေါင်းလောင်းတော်ကိုလည်း သွန်းလုပ်ပူဇော်ခဲ့ပါသည်။ ယခုအခါ မြသိန်းတန်ဘုရားကုန်းတော်ပေါ်တွင် View Point၊ ပန်းခြံ၊ ကလေးကစားကွင်း၊ ရေတံခွန်ငယ်စသည်ဖြင့် အများပြည်သူအပန်းဖြေနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ထားကြောင်း သိရပါသည်။