မွေတော်ကက္ကူ

Listing Description

မွေတော်ကက္ကူဘုရားသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ခိုင်ကျေးရွာအုပ်စု၊ မွေတော်ကျေးရွာအနီးတွင် တည်ရှိပါသည်။ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိပါသည်။  ကက္ကူ ဆိုသည်မှာ နယ်ကြားဟု အဓိပ္ပာယ်ရပြီး ညောင်ရွှေနှင့်ဆီဆိုင်နယ်တို့၏နယ်နမိတ် သတ်မှတ်မျဉ်းအနားတွင် တည်ရှိသော ဘုရားစေတီစုများဖြစ်ပါသည်။ မွေတော်ကက္ကူတွင် အသောကမင်းကြီး၏ ကောင်းမှုတော် စေတီပေါင်း ၈၄၀၀၀ တွင် တစ်ဆူဖြစ်သည့် ဆုတောင်းပြည့်စေတီတော်ကြီးနှင့် နရပတိစည်သူမင်းကြီး ၏ ကောင်းမှုဖြစ်သော ဖောင်တော်ဆိုက်စေတီ နှစ်ဆူသည် အရံစေတီဘုရားပေါင်း ၂၄၇၈ ဆူ၏ အလယ်တွင် တင့်တယ်သပ္ပာယ်စွာ တည်ရှိနေကြပါသည်။ မြန်မာသက္ကရာဇ် ၁၁၅၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၇၉၃ ခုနှစ်တွင် ညောင်ရွှေစော်ဘွားကြီးမှ ကြီးမှူး၍ လှူဒါန်းခဲ့သော ရှေးဟောင်းခေါင်းလောင်းကြီးတစ်လုံး ရှိပါသည်။ ရှေးအခါက မွေတော်ကက္ကူဘုရားစေတီများကို ဖျက်ဆီးမည့်ရန်စွယ်များ ကင်းဝေးစေရန်အတွက် ရွှေဝက်မင်းတစ်ကောင်မှ ကာကွယ်ခဲ့ကြောင်း၊ ဘုရားကြီးနှင့် အရံစေတီတော်များပြန်လည် ဖူးမြော်မြင်တွေ့နိုင်ရန် ရွှေဝက်မင်းမှ ကူညီလမ်းညွှန်ပြသခဲ့သည်ကို အစွဲပြု၍ အသောကစေတီတော်၏ မြောက်ဘက်စောင်းတန်းအနီးတွင် ရွှေဝက်မင်းရုပ်တုကို အမှတ်တရထုလုပ်ထားရှိခဲ့ပါသည်။ ထို့ကြောင့် မွေတော်ကက္ကူကို ရွှေဂူကြီးဘုရား၊ သက်တူဘုရား၊ ရွှေဝက်ဂူဘုရား၊ ရွှေဝက်ကူးဘုရား၊ ကက္ကူမွေတော်ဘုရား ဟူ၍ အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ခဲ့ကြပါသည်။

မွေတော်ကက္ကူစုဘုရားများကိုစေတီပေါက်ဂူဘူရားများ၊ စေတီရိုးများ၊ ဇေတဝန်ကျောင်းတော်ပုံစံပြဿဒ်ဆောင်စေတီများနှင့် မုဒြာဟန်အမျိုးမျိုးဖြင့် ရုပ်ပွားတော်များကို ဖူးမြော်မြင်တွေ့ရပါမည်။ ခေတ်အဆက်ဆက် ပညာရှင်များမှ မိမိတို့တတ်ကျွမ်းသည့် ဗိသုကာပညာဖြင့် ခန့်ညားမှု ပိုမိုပေါ်လွင်အောင် ကုသိုလ်ပြု ဖန်တီးတည်ဆောက်ခဲ့သဖြင့် အနုပညာပန်းတောကြီးဟုပင် တင်စားခေါ်ဝေါ်နိုင်ပါသည်။ ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူစု၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲကို တော်သလင်းလပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့နှင့် တပေါင်းလပြည့်နေ့တို့၌ နှစ်စဉ် သုံးကြိမ်သုံးခါ စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပကြပါသည်။

အသေးစိတ်ဖတ်ရှုရန် ဤနေရာကိုနှိပ်ပါ