မြသန်းတင့် (၁၉၂၉ - ၁၉၉၈)

Listing Description

ဦးမြသန်း ခေါ် စာရေးဆရာမြသန်းတင့်ကို အဘ ဦးပေါတင့်၊ အမိ ဒေါ်လှိုင်တို့က ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၁၉၂၉ ခုနှစ်၊ မေလ ၂၃ ရက်၊ ကြာသပတေးနေ့၌ မွေးဖွားသည်။ မွေးချင်းခုနစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။

ငယ်စဉ် ၁၉၄၃ခုနှစ်တွင် အာရှလူငယ်အဖွဲ့၌တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၄၄-ခုနှစ်တွင် ဖက်ဆစ်တော်လှန်ရေး မြေအောက်ကလာပ်စည်းများနှင့် ဆက်သွယ်၍ ဖက်ဆစ်တော် လှန်ရေးကြီးတွင် ပါဝင်ခဲ့သည်။ ဂျပန်တော်လှန်ရေးကာလအတွင်း စစ်ကိုင်းရှိ ဗိုလ်သန်းဦး(တော်လှန်ရေးတွင် ကျဆုံး)၊ သခင်မောင်တင်(ပြည်တွင်းစစ်တွင် ကျဆုံး) နှင့် မြိုင်မြို့ ဘုန်းတော်ကြီး ဦးစရိယ (မြိုင်ဖဆပလအမတ်ဟောင်း ဦးသက်ရှည်)တို့၏ ဦးဆောင်မှုအောက်တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မန္တလေးခရိုင်၊ အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ်တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။ ၁၉၅၄-ခုနှစ်တွင် ဝိဇ္ဇာဘွဲ့နှင့် ၁၉၅၆-ခုနှစ်တွင် ဥပဒေဘွဲ့တို့ကို ရရှိခဲ့သည်။

ကျောက်ပန်းတောင်းတွင် အက်တူး သခင်အုန်းဖေ (ပြည်တွင်းစစ်တွင်ကျဆုံး) နှင့်အတူ လယ်သမားများ သီးစားခ မပေးရေး တိုက်ပွဲ၊ လက်ငုတ်လယ်ပြန်ထွန်ရေးတိုက်ပွဲ၊ မြေရှင်ကြီးများ၏လယ်များကို အတင်းဝင်ထွန်ရေး တိုက်ပွဲများကို ဦးဆောင်ခဲ့သည်။ သီးစားခမပေးရေး တိုက်ပွဲတွင် အင်္ဂလိပ် အစိုးရသိမ်းယူထားသော လယ်သမားများ၏ပစ္စည်းများကို ပြန်လည်လုယူသည့်အတွက် (ရုံးမင်းတစ်ထိုင်) အပြစ်ဒဏ်ကျခြင်း ခံခဲ့ရသည်။ မြင်းခြံခရိုင်တွင် တခြားသော ခေါင်းဆောင်များနှင့်အတူ မြသန်းတင့်ခေါင်းကို ဖြတ်နိုင်လျှင် ဆုငွေပေးမည်ဟု အင်္ဂလိပ်အလိုတော်ရိနှင့် မြေရှင်တို့က တိတ်တဆိတ် ဆုငွေထုတ်ခဲ့သည်။ အထွေထွေသပိတ်ကြီးတွင် မြင်းခြံ၊ မန္တလေး၊ ဒလသင်္ဘောကျင်း အလုပ်သမားထုကြီး ပါဝင်ရေးအတွက် တာဝန်ယူခဲ့သည်။ မြင်းခြံခရိုင် အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂတို့တွင် အလုပ်အမှုဆောင်အဖြစ်ဆောင်ရွက်ရင်း ဖြူးမြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာဖြူးလယ်သမား ကွန်ဂရက်ကြီးသို့ မြင်းခြံခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

၁၉၄၉-ခုနှစ်တွင် ပထမဆုံးရေးသည့် 'ဒုက္ခသည်' ဝတ္ထုကို တာရာမဂ္ဂဇင်း (အတွဲ-၃၊ အမှတ် ၂၁)တွင် ပုံနှိပ် ဖော်ပြခြင်းခံရသည်။ ၁၉၅ဝ-ပြည့်နှစ်တွင် စာပေသည် ပြည်သူ့ အတွက်ဟူသော ကြွေးကြော်သံဖြင့် 'စာပေမဂ္ဂဇင်း'ကို ကိုသန်းတင့်၊ ဒဂုန်တာရာ၊ မောင်ကြည်လင်၊ အောင်လင်း၊ ကျော်အောင်တို့နှင့်အတူ ဦးဆောင်ထုတ်ဝေခဲ့သည်။ ၁၉၅၁-ခုနှစ် တွင် ဂေါ်ကီ၏ 'မာလိဖောနှင့်အခြားဝတ္ထုတိုများ'ကို ပထမဆုံး ဘာသာပြန်ဆို ရေးသားထုတ်ဝေခဲ့သည်။

၁၉၅၂-ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး စာရေးဆရာအသင်းမှ ထုတ်ဝေသော 'စာပေမဂ္ဂဇင်း' တွင် တာဝန်ခံအယ်ဒီတာ အဖြစ်၎င်း၊ 'ပြည်တော်သစ်ဂျာနယ်'တွင် အယ်ဒီတာချုပ်အဖြစ်၎င်း၊ 'တိုးတက်ရေးသတင်းစာ'တွင် နိုင်ငံခြားရေးအယ်ဒီတာအဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။ ထိုနှစ်မှာပင် ဂေါ်ကီ၏အတ္ထုပ္ပတ္တိ 'ဂေါ်ကီ'ကို ဒုတိယမြောက် ဘာသာပြန်လက်ရာအဖြစ် ထုတ်ဝေခဲ့သည်။

၁၉၅၃-ခုနှစ်တွင် ပင်ကိုရေး လုံးချင်းဝတ္ထုအဖြစ် 'မေတ္တာအသင်္ချေ'ကို ရေးသားခဲ့သည်။

၁၉၅၅-ခုနှစ်က သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၇-ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူးချုပ်နှင့် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ဌာနချုပ်တည်ရှိသည့် 'ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'၏ ဗျူရိုအဖွဲ့ဝင် လူကြီးဖြစ်ခဲ့သည်။

၁၉၆ဝ-ပြည့်နှစ်တွင် ရေးသားသော 'နွံထဲကကြာ' ဝတ္ထုမှစ၍ ကလောင်အမည် ကိုမြသန်းမှ မြသန်းတင့်သို့ ပြောင်းခဲ့သည်။ ထိုဝတ္ထုကို စာရေးဆရာ သိန်းဖေမြင့်နှင့် ပူးတွဲရေးသား၍ ဗိုလ်တထောင်သတင်းစာတွင် အခန်းဆက် ဖော်ပြရာ နှစ်နှစ်နီးပါး ဖော်ပြခဲ့ရသည်။

၁၉၆၁-ခုနှစ်တွင် ဆွီဒင်နိုင်ငံ၊ စကော့ဟုမ်းမြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးသို့ ကမ္ဘာ့ ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)၏ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ ညီလာခံမှအပြန် ဆိုဗီယက်ယူနီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးကော်မတီများ ၏ဖိတ်ကြားချက်အရ ဒဂုန်တာရာ၊ ပါမောက္ခဦးအောင်လှတို့ နှင့်အတူ သွားရောက်ခဲ့သည်။

မြသန်းတင့်၏ထင်ရှားသော ပင်ကိုရေးဝတ္ထုများမှာ မေတ္တာအသင်္ချေ၊ လိုက်ခဲ့တော့မြနန္ဒာ၊ အမှောင်ရိပ်ဝယ်၊ ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း၊ နှင်းနု၊ မမ၊ နွံထဲက ကြာ၊ ထားကျွန်မလင်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်၊ လေညင်းနှင့်လရောင် တို့ဖြစ်ပြီး နေထွက်သောည (ပြဇာတ်)ကိုလည်း ရေးသားခဲ့သည်။

စာပေဝေဖန်ရေးအဖြစ် 'ကျွန်တော် ဆက်၍ ရေးချင်သော ဝတ္ထုများ'နှင့် 'မြန်မာကျေးတောနေတို့၏ ကဗျာများ'၊ ခရီးသွားဆောင်းပါးအဖြစ် 'အရှေ့လေတိုက်သော အခါ' ၊ ' ငွေသောင်ယံ၊ ဟွန်ဒါယဉ်ကျေးမှု၊ မေရီဗိုဗေးနှင့် အီကွေတာညများ' စသည်တို့ကို ရေးသားခဲ့သည်။

ဘာသာပြန်လက်ရာများမှာ အထူး ထင်ရှားခဲ့ရာ နိုင်ငံရေးစာအုပ် ခြောက်အုပ်၊ အတ္ထုပ္ပတ္တိ တစ်အုပ်၊ သမိုင်း၊ ဒဿနိကဗေဒနှင့် အထွေထွေ ၁၄ အုပ်၊ ဝတ္ထု၃ဝ ကျော် ပြန်ဆိုခဲ့သည်။ ဘာသာပြန်များတွင် ပါရီကျဆုံးခန်း၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ချစ်သောယွန်းခင်ခင် စသည်တို့မှာလည်း ထင်ရှားခဲ့သည်။ နိုင်ငံတကာ ကဗျာများကိုလည်း ဘာသာပြန် ရေးသားခဲ့ရာ ရာဗင်ဒြာနတ်တဂိုး၏ကဗျာများအပါအဝင် စုစုပေါင်း ၁၄ အုပ်မျှ ထုတ်ဝေခဲ့သည်။

ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သော ၁၉၄၈-ခုနှစ်တွင် မြသန်းတင့် သည် ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပြီးနောက် ဒဿနိက၊ နိုင်ငံရေးသိပ္ပံနှင့် အင်္ဂလိပ် အနုစာပေ စသော ဘာသာရပ်များဖြင့် ဘွဲ့ရရှိခဲ့သည်။ တာရာ မဂ္ဂဇင်း (အမှတ်စဉ် ၂၁၊ အတွဲ ၃၊ ၁၉၄၉) ၌ “ဒုက္ခသည်” ဟူသော သူ၏ ပထမဦးဆုံး ဝတ္ထုတိုဖြင့် မြသန်းတင့်သည် စာပေနယ်သို့ ၁၉၄၉-တွင် စတင်ဝင်ရောက် ခဲ့ပြီး သူ၏ စာရေးသက်အနှစ် ၅၀ အတွင်း ဝတ္ထုတိုနှင့် ဝတ္ထုရှည်များ၊ မှတ်တမ်းမှတ်ရာ များစွာ နှင့် ဘာသာပြန် ဆိုရေးသား မှုများကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၃ တွင် ရေးသားခဲ့သော ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဟူသော ဝတ္ထု သည် သူ၏ အကြီးကျယ်ဆုံး သော ပြောင်မြောက်သည့်လက်ရာဟုယူဆပြီး သူသည် “တောင်သမန် ရွှေအင်းကလေညင်းဆော်တော့” ကဲ့သို့သော သမိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာ များကိုပါ ရေးသားခဲ့သည်။ အနောက်တိုင်း စာပေများစွာကို မြန်မာဘာသာသို့ အရေးသွက်သွက်ဖြင့် ဘာသာပြန်ဆို ရေး သားသူဖြစ်သည့်အလျောက် မြသန်းတင့်သည် စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီ အိပ်မက် ကဲ့သို့သော ကမ္ဘာ့ဂန္ထဝင်စာအုပ်များနှင့်သူ၏ စာဖတ်ပရိသတ် များကို မိတ်ဆက်ပေးခဲ့ သည်။

၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၉ː၁၅ တွင် ဦးနှောက်၌ သွေးယိုစီးသည့်ရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဆုံးပါးချိန်တွင် ဇနီး ဒေါ်ခင်မမ နှင့် သားသမီးလေးဦး ကျန်ရစ်သည်။

ကလောင် အမည်ကွဲများ

စောယွမ်း

ဇောတိက

ထက်အောင်

မေမေလှိုင်

မင်းနန္ဒာ

မြသန်း

မြသန်းတင့်

ရဲအောင်ဇေ

မောင်သစ်တည်

အုတ်လှငယ်