အုံတုံပင်ရွှေကျောင်း ခေါ် မနောရမ္မာရွှေကျောင်းတော်ကြီး

Listing Description

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပခုက္ကူ-မြိုင် ကားလမ်း၏ လက်ယာဘက် တစ်မိုင်အကွာရှိ ဗိမ္မာန်မကျေးရွာ၌ တည်ရှိပါသည်။ မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံး ရှေးဟောင်း ကျွန်းသစ်သားကျောင်းကြီးဖြစ်သည်။ မနောရမ္မာရွှေကျောင်း၏ အဓိပ္ပာယ်မှာ  ''မနော-စိတ်ကို၊ ရမ္မတိ-မွေ့လျော်စွာ၏'' ဟုဖြစ်သဖြင့် မနောရမ္မာ ဟူသည် "ရှုမြင်ရသူ တိုင်း၏စိတ်ကို ကြည်နူးမွေ့လျော်ဖွယ်ရာ ဖြစ်စေ၏"ဟုအဓိပ္ပာယ်ရရှိပြီး ဒေသခံများက ''အုံတုံပင်ရွှေကျောင်းတော်ကြီး"ဟု ခေါ်ကြသည်။  ကမ္ပည်းမှတ်တမ်းများအရ မနောရမ္မာရွှေကျောင်းတော်ကြီးကို ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်း မဟာဓမ္မရာဇာဓိပတိ (ဟံသာဝတီပါမင်း) လက်ထက်တွင် စဉ့်ကန်ရွာနေ အလှူရှင် ဦးဆုသာ ဇနီး ဒေါ်ဇံဖြိုးနှင့် သားသမီး ဆွေမျိုးအပေါင်းတို့က သက္ကရာဇ် ၁၁၀၀ ပြည့်နှစ် ကဆုန်လပြည့်ကျော် ၁၅ ရက် (ခရစ်နှစ် ၁၇၃၈ ခုနှစ် မေလ ၆ ရက်)စနေနေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ကျောင်းကြီးတည်ဆောက်မှုမပြီးမီ ထိုနှစ် ဝါဆိုလဆန်း ၁၄ ရက် (ခရစ်နှစ် ၁၇၃၈ ခုနှစ် ဇွန်လ ၁၈ ရက်) တနင်္ဂနွေနေ့တွင် ဆရာတော် ဦးဥတ္တမလင်္ကာရကို ကျောင်းတင်လှူခဲ့ကာ သက္ကရာဇ် ၁၁၀၄ ခုနှစ် ဒုတိယဝါဆိုလဆန်း ၁၂ ရက် (ခရစ်နှစ် ၁၇၄၂ခုနှစ် ဇူလိုင်လ ၂ ရက်) သောကြာနေ့တွင် အပြီးသတ်ရွှေချ၍ ဒုတိယအကြိမ် ကျောင်းတင်လှူခဲ့သည်။ (စဉ့်ကန်ရွာသည် ထိုစဉ်က ဗိမ္မာန်မရွာအနီးတွင် ရှိခဲ့သော်လည်း ယခု မရှိတော့ပါချေ၊ ကျောင်းတော်ကြီး၏ အရှေ့ဘက်၌ ရွာဟောင်းနေရာကို တွေ့မြင်နိုင်သည်။) ကျောင်းတည်ဆောက်မှု ကုန်ကျစရိတ်သည်၂၈၂၅ ကျပ်ဖြစ်ကြောင်း ကျောင်းအထက် ခါးပန်းတွင် ရွှေဇဝါဖြင့် ရေးသားခဲ့သည့် မှတ်တမ်းတွင် ဖော်ပြထားသည်။ (ထိုအချိန်က ငွေကြေးတန်ဖိုးသည် ရွှေတစ်ကျပ်သားလျှင် ၁၆ ကျပ် ဖြစ်သည်ဟု သမိုင်းပညာရှင် ဒေါက်တာတိုးလှ၏ စာတမ်းတွင် ဖော်ပြထားသည်။) မနောရမ္မာကျောင်းကြီးကို တည်ဆောက်ခဲ့စဉ်က ရှေးမြန်မာဘုန်းတော် ကြီးကျောင်းများ ဆောက်လုပ်မှုဗိသုကာပုံစံအတိုင်း ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်မကြီးနှင့် ဘောဂဆောင်စသည့် စုလစ်မွမ်းချွန်တို့ဖြင့် အလွန်တင့်တယ်လှပစွာ တည်ဆောက်ထား ခဲ့ဟန်ရှိသော်လည်း ယခုကျန်ရှိနေသည့် အဆောက်အအုံသည် ဆောင်မကြီးဖြစ်သည်။ မူလကျောင်းတော်ကြီးကို ခန်းဖွဲ့ တစ်ခုလျှင် လေးတောင်(ခြောက်ပေ) အကျယ်ထားလျက် ကျွန်းတိုင်ပေါင်း ၂၅၂ လုံးဖြင့် တည်ဆောက်ခဲ့သော်လည်း အဆောင်များ ပြိုကျပျက်စီးခဲ့သဖြင့် ယခုအချိန်တွင် တိုင် ၄၂ တိုင်သာ ကျန်ရှိနေသည်။ ကျောင်းတော်ကြီး၏အမိုးမှာ ဘုံသုံးဆင့် ရှိပြီး မြေပြင်မှ အမိုးထိပ်အထိ ပေ ၄ဝ ကျော်ရှိသည်။ ကျောင်းကြီး၏ အောက်ခြေမှ ခါးပန်းအထိ အမြင့် ၇ ပေရှိသည်။ သို့သော် မပြုပြင်မီအခြေအနေအရ ၅ ပေ ခန့်သာရှိတော့သည်။ ကျောင်းကြီး အတွင်း  ကျက်သရေခန်းမုခ်ကို ရွှေပိန်းချ သီဟာသနပလ္လင်တင်၍ ခန်းဆီးများကိုမူ ဟင်္သာရုပ်များ၊ ပန်းကွက်၊  ပန်းပြောက်များ၊ သစ်သားပန်းပု၊ ရုပ်ကြွတို့ဖြင့် အကွက်ဖော်ထားသည့်အပြင် မျက်နှာကြက်များကို ရွှေရည်သုတ်ထားသည့်အကွက်များဖြင့် အလှဆင်ထားသည်။ ဂဠုန်၊ နဂါး၊ သစ်သားပန်းပုပုံများ အစုံစုံ အထူးထူးသော အနုပညာလက်ရာမွန်တို့ဖြင့်ထုဆစ်ထားပြီး ရွှေရည်သုတ်လိမ်းကာ ရွှေပိန်းချထားသည်။ ကျောင်းကြီး၏ အကာပျဉ်များ၏ အပြင်ဘက်တွင် ဒေါင်းအမျိုးမျိုး၊ ခြူးပန်း၊ ခြူးနွယ် သစ်ထွင်းပန်းပုလက်ရာများဖြင့် တန်ဆာဆင်ထားသည်။ အဆောင်တံခါးများကို တံကဲပုံစံပြုလုပ်ကာ ပန်းကွက်များဖြင့် အလှဆင် ပုံဖော်ထားသည်။ ကျောင်းအပြင်နံရံတွင် တိုင်တစ်ခုနှင့် တစ်ခုကြားရှိ အခန်းခြောက်ခန်းအနက် ငါးခန်း၌ မှန်ကင်းတံကဲများ ပုံဖော်ထားကာ တံကဲပတ်လည်ကို ကနုတ်ပန်းကွက်များဖြင့် ဘောင်ခတ်ထားပြီး ထိပ်တွင် ပြာသာဒ်ပုံကို ထည့်သွင်းထားသည်။ ကျောင်းအတွင်း၌ မာရဘင်ကို ရွှေပိန်းများချထားကာ ကျောင်းတိုက်အတွင်းမှ ကျန်နေရာများကို ရွှေဇဝါများဖြင့် အလှဆင်ခဲ့သည်။ ကျောင်းကြီးတွင် တလားပုံစံ၊ ဗီရိုပုံစံနှင့် လေးထောင့်ပုံစံ စာတိုက်သေတ္တာကြီးများကို ကျွန်းသားဖြင့် ပုံစံမျိုးစုံပြုလုပ်၍ ရွှေများချထားပြီး သေတ္တာတစ်ခုစီ၏ မျက်နှာစာတွင် ပန်းကနုတ်များဖြင့် ပုံများထွင်းထုထားသည်ကိုလည်း တွေ့ရသည်။ အလွန်ခံ့ညားထည်ဝါသည့် ယင်းကျောင်းကြီးမှာ အရွယ်ငယ်သော်လည်း မင်းဧကရာဇ်တို့ တည်ဆောက်သည့် ကျောင်းများနှင့် မခြားလှကြောင်းနှင့် မင်း၏ခွင့်ပြုချက်တောင်းရန်မလိုသော အခြေအနေတွင် စစ်နှင့်ဝေးကွာသောအရပ်၌ စိတ်တိုင်းကျ တည်ဆောက်ခဲ့ဟန်ရှိကြောင်း မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ သမိုင်းပညာရှင် ဒေါက်တာတိုးလှက သုံးသပ်ခဲ့သည်။