သာဓုကန်စေတီတော်

Listing Description

သာဓုကန်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်ရွာ၏ အရှေ့ဖက်ကန်ဘောင်ရှိ တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ သာဓုကန်စေတီတော်၏သမိုင်းမှာ ကျိုက္ကလဲ့စေတီနှင့် ကျိုက္ကလော့စေတီ သမိုင်းများနှင့် ဆက်စပ်နေသည်။ စေတီတော်၏ သမိုင်းအရ သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်တွင် ပါဋလိပုတ်ပြည်မှ ဓမ္မာသောကမင်းကို အမှီပြု၍ တတိယသင်္ဂါယနာတင်ပြီးနောက် ရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ်၏တပည့် အရှင်ယသ၊ အရှင်သောဏ၊ အရှင်သုစိ အစရှိသော ရဟန္တာရှစ်ပါးတို့သည် ရာမညတိုင်းသို့ သာသနာတော်ပြုရန် ဓာတ်တော်မွေတော်တို့ကို ပင့်ဆောင်၍ကြွချီလာရာ ဓာတ်တော်မွေတော်များကို သီဟဒီပမင်းအား ပေးလေသည်။ သာဓုကန်စေတီသည် သီဟဒီပမင်းမှ ဓာတ်တော်မွေတော်များကို ဌာပနာ၍ တည်ထားခဲ့သော စေတီတစ်ဆူ ဖြစ်ပါသည်။ စေတီတော်တည်ရှိရာကုန်းသည် ကကုသန်ဘုရားလက်ထက်တွင် တန်ခိုးပြိုင်သည့် နတ်ဘီလူးမင်း မာန်ချရာ နေရာဖြစ်သဖြင့် မွန်ဘာသာဖြင့် "ဒိုဂနီပရော" ဟု ခေါ်သည်။ ဘီလူးသည် မြတ်စွာဘုရား၏ အဆုံးအမ၌ သက်ဝင်ယုံကြည်သဖြင့် မြတ်စွာဘုရားသည် သာဓုသုံးကြိမ် ခေါ်ခဲ့သည်။ ထိုသို့ သာဓုခေါ်သည်ကို အစွဲပြုကာ "သာဓုခံ" ဟု ခေါ်ရာမှ ကန်ကို အစွဲပြု၍ "သာဓုကန်" ဟု ခေါ်ခဲ့သည်။ စေတီတော်ကိုလည်း "သာဓုကန်စေတီတော်" ဟု ခေါ်ခဲ့သည်။ နတ်ဘီလူးမင်းသည် ကကုသန်မြတ်စွာဘုရား၏ ဆံတော်နှစ်ဆူ ရရှိခဲ့သဖြင့် ဌာပနာခဲ့သည်ဟု သိရပါသည်။ သက္ကရာဇ် ၇၄၅ ခုနှစ်တွင် ရာဇဓိရာဇ် (ဗညားနွဲ့) သည် စေတီတော်ကို ငုံကာ အသစ်တည်ခဲ့သည်။ မွန်ဘာသာဖြင့် ကျုက်ဆာဓုဟု ခေါ်တွင်ခဲ့၍ သာဓုဘုရားဟု အမည်တွင်ခဲ့သည်။ သက္ကရာဇ် ၁၁၉၆ ခုနှစ်တွင် စေတီတော် ပြိုကျခဲ့သည်။ ထို့ကြောင့် မှော်ဘီသူကြီးနှင့် ရွှေပေါက်ပင်ဘုန်းတော်ကြီးတို့ ဦးစီးကာ ပြုပြင်ခဲ့ကြသည်။ ၁၂၀၂ ခုနှစ်တွင် မှော်ဘီသူကြီးမင်း ဗန္ဓုမှ ကြပ်မတ်ကာ ပြုပြင်ခဲ့သည်။ ၁၂၄၄ ခုနှစ်တွင် ရန်ကုန်မြို့မှ ဦးရန်ခ၊ ၁၂၄၈ ခုနှစ်တွင် ရန်ကုန်မြို့ ပုဇွန်တောင်မှ ဦးကုလားမိသားစုတို့မှ ကြပ်မတ်၍ ဒါယကာများက စုပေါင်းပြုပြင်ခဲ့ပြီး ၁၂၅၀ ပြည့်နှစ်တွင် ထီးတော်တင်ခဲ့သည်။ ၁၂၆၄ ခုနှစ်တွင် ရန်ကုန်မြို့ကို ရေပေးရန် ကန်ကြီးကိုတူးဖော်ရာ ဘုရားကုန်းတော်မြေပြိုပျက်ရွေ့သဖြင့် ဂေါပကလူကြီးတို့က လျော်ကြေးတောင်းရာ ငွေတစ်ထောင်ကျပ်ရရှိသသည့်အတွက် ၁၂၆၄ ခုနှစ် တန်ဆောင်မုန်းလတွင် စေတီတော်ကို ရွှေသင်္ကန်းကပ်လှူ၍ ရင်ပြင်တော်၊ အခင်း၊ အုတ်လှေကားဆောင်းတန်းများကို ပြုပြင်ခဲ့ရာ ၁၂၆၅ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ လှော်ကားကန်ကိုပင် သာဓုကန်ဟု ခေါ်ဆိုကြပါသည်။