ရန်ကုန်ကွန်ပျူတာတက္ကသိုလ်

Listing Description

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် အနီး အမှတ်(၄)လမ်းမကြီးဘေးတွင် တည်ရှိပါသည်။ ၁၉၇၁ ခုနှစ်တွင် ပါရမီလမ်း၊ လှိုင်မြို့နယ်၌ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အား တက္ကသိုလ်များကွန်ပျူတာဌာန(UCC) အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ် သင်္ချာဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိခဲ့သည်။ တက္ကသိုလ်များကွန်ပျူတာဌာနအဆင့်မှ တက္ကသိုလ်အဆင့်သို့ ၁၉၈၇ ခုနှစ် မတ်လ (၂၉)ရက်တွင် တိုးမြှင့်ခဲ့ပြီး၊ မြန်မာအမည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဟုလည်းကောင်း၊ အင်္ဂလိပ်အမည် “Institute of Computer Science & Technology (ICST)” ဟု လည်းကောင်း ခေါ်တွင်ခဲ့သည်။ ၁၉၉၇ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အား ပညာရေးဝန်ကြီးဌာနအောက်မှ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းခဲ့သည်။ ၁၉၉၈ခုနှစ်၊ ဇွန်လ (၁)ရက်တွင် “University of Computer Studies, Yangon (UCSY)” အမည်သို့ ထပ်မံပြောင်းလဲခဲ့သည်။ ကျောင်းသားဦးရေ တိုးတက်လာသဖြင့် ၂၀၀၀ ပြည့်နှစ်တွင် လှိုင်မြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အပြင် ရွှေပြည်သာမြို့နယ်တွင် ကျောင်းသစ်တစ်ကျောင်း တိုးချဲ့တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆)ရက်တွင် ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို စတင်ဖွင့်လှစ် ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်မှစတင်၍ ကျောင်းတွင်းရမှတ်များကို 'ခရက်ဒစ်' စနစ်ဖြင့် အမှတ်ပေးသည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပေးအပ်ချီးမြှင့်သည့်ဘွဲ့များမှာ ကွန်ပျူတာသိပ္ပံဘွဲ့ (ပရိုဂရမ်အင်ဂျင်နီယာ) B.C.Sc (Software Engineering)၊ ကွန်ပျူတာသိပ္ပံဘွဲ့ (အသိပညာအင်ဂျင်နီယာ) B.C.Sc (Knowledge Engineering)၊ ကွန်ပျူတာသိပ္ပံဘွဲ့ (စီးပွားရေးသတင်းအချက်အလက်စနစ်) B.C.Sc (Business Information System)၊ ကွန်ပျူတာသိပ္ပံဘွဲ့ (ကွန်ပျူတာလုံခြုံရေးနှင့်သက်သေအထောက်အထား ရှာဖွေစစ်ဆေးမှုပညာ) B.C.Sc(Computer Security and Foremsis) ၊ ကွန်ပျူတာနည်းပညာဘွဲ့ (မြှုပ်နှံထိန်းချုပ်စနစ်) B.C.Tech (Embedded System)၊ ကွန်ပျူတာနည်းပညာဘွဲ့ (ဆက်သွယ်ရေးနှင့် ကွန်ရက်ပညာ) B.C.Tech (Computer Communication and Network) တို့ဖြစ်ပါသည်။