မစိုးရိမ်ကျောင်းတိုက် (တိုက်ဟောင်း)

Listing Description

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြားတွင် တည်ရှိပါသည်။ မြန်မာသက္ကရာဇ် ၁၂၆၉ ခုနှစ်ခန့်က လက်ဖက်သူဌေးကြီး ဦးသက်ရှည်နှင့် သား ဦးကျော်(လက်ဖက်) တို့က မြို့တော်ဝန် ဦးပေစိ၏ မစိုးရိမ်ဥယျာဉ်နေရာအား ဝယ်ယူခဲ့ပြီး ရေကန်ကို မြေဖို့၍ မြို့ပြင်ကြီး ဆရာတော်အား ကျောင်းဆောက်လှူဒါန်းခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၇၀ ခုနှစ်တွင် အလယ်တိုက်ကြီး ဆောက်လုပ်ပြီးစီးခဲ့သည်။ ထို့နောက် အရံကျောင်းများကို တစ်နှစ် တစ်ကျောင်းနှုန်းဖြင့် တည်ဆောက်လှူဒါန်းခဲ့ရာ အရံကျောင်းပေါင်း ၁၆ ကျောင်းရှိပြီး နာရီစင်နှင့် ဆွမ်းချက်ဆောင်များပါ ထည့်သွင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ နာရီစင်ကို မြန်မာသက္ကရာဇ် ၁၂၇၇ ခုနှစ်ဝန်းကျင်တွင် တည်ဆောက်လှူဒါန်းခဲ့ပြီး နာရီစက်မှာ ရှေးမူလအမျိုးစားကောင်း အင်္ဂလန်လုပ်ဖြစ်သည်ဟု သိရသည်။ ပင်မကျောင်းဆောင်ကြီးသည် နှစ်ထပ်အုတ်တိုက်ကြီးဖြစ်ပြီး အရံကျောင်း ၁၆ ကျောင်း၏ အလယ်ဗဟိုတွင်ရှိသည်။ သရက်ကင်းလှေကား လေးစင်းပါဝင်ကာ ဘုရားခန်းအပါအဝင် မျက်နှာကျက်နှင့် ကျွန်းတိုင်လုံးများအားလုံးကို ရွှေသားအစစ် ရွှေပိန်းချထားပါသည်။ အောက်ထပ်သည် ယခုအခါ ဆရာတော်ကြီးများက စာသင်တိုက်အတွက် အစည်းဝေးခန်းမအဖြစ် အသုံးပြုနေပြီး အပေါ်ထပ်မှာ ရွှေရောင်တဝင်းဝင်းဖြင့် ပန်းပု၊ ပန်းဆွဲ၊ လင်းနို့တောင်ထောင့်ပန်း အနုလက်ရာများဖြင့် ထည်ဝါစွာ တွေ့မြင်နိုင်သည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် မစိုးရိမ်ကျောင်းတိုက် (တိုက်ဟောင်း)ဝင်းအတွင်းရှိ မြင်းဝန်တိုက်  အဆောက်အအုံကို အမိန့်ကြော်ငြာစာအမှတ် (၃၀/ ၂၀၂၂) ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-07-23 14:46:21

အလည်တိုက်ကြီးကို ကျွန်းတိုင်ပေါင်း သုံးဆယ့်သုံးတိုင် နှင့်တည်ဆောက်ထားပါတယ်