မစီးဒီးခန်းစွန္နီဂျာမေ့ဗလီ

Listing Description

မစီးဒီးခန်းစွန္နီဂျာမေ့ဗလီသည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း၊ အမှတ် ၃၅၆ တွင်တည်ရှိသည်။ တာမွေမြို့နယ်အတွင်း ထူးခြားထင်ရှားစွာ တည်ရှိနေသည့် အဆောက်အဦများအနက် အပါအဝင်ဖြစ်သည်။ ၎င်းကို မီနာရာ(ဝတ်ပြုဖိတ်ခေါ်ရေးမျှော်စင်)ပေါင်း ၂၀ ကျော်အား ဝတ်ကျောင်းခေါင်မိုးသွပ်ပြားမှ ဖောက်ထွက်လာသည့်ဟန်ဖြင့် ပုံဖော်ထားသည်။ မျက်နှာစာမှာမူ ပျံကျဆိုင်ခန်းတို့ဖြင့် ဖုံးကွယ်လျက်ရှိသည်။ အဆောက်အဦးကို ၁၉၀၈ ခုနှစ်တွင် တည်ဆောက်ပြီး ၇ နှစ်မျှ အချိန်ယူခဲ့ရသည်။ အိန္ဒိယမှ ပြောင်းရွှေ့လာသူ ထင်ရှားသော လုပ်ငန်းရှင် မစီးဒီးခန်းပီး မှ ကမကထပြု တည်ဆောက်ထား၍ သူ့အမည်ကို အစွဲပြုခေါ်ဆိုထားခြင်းဖြစ်သည်။ ၁၉၃၀ ခုနှစ်ငလျင်ကြောင့် မီနာရာတစ်ခု ပျက်စီးသွားခဲ့ရာ ပြန်လည်အစားထိုးတည်ဆောက်ထားသည်။ ဆယ်နှစ်ခန့်အကြာ နောက်ထပ်ငလျင်ဒဏ်ကြောင့် ခေါင်မိုးနှင့်အတူ ရှေ့မျက်နှာစာမှ အလှဆင်ကျောက်တိုင်အချို့ ပျက်စီးရပြန်သဖြင့် ထိုစဉ်ကပင် ပြန်လည်လဲလှယ်တည်ဆောက်ခဲ့ရသည်။ မူလဒီဇိုင်းလက်ရာများနှင့် အတွင်းပိုင်းမှန်ပြူတင်းများမှာ အိန္ဒိယမှ တင်သွင်းလာခဲ့ခြင်းဖြစ်ပြီး ယခုတိုင် နဂိုအတိုင်း ခြေရာလက်ရာမပျက် ကျန်ရှိနေသေး၏။ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများစာရင်းဝင် အဆောက်အဦးတစ်ခုအဖြစ်လည်း ပါဝင်လျက်ရှိသည်။