မဟာဗောဓိစေတီတော်

Listing Description

မဟာဗောဓိစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ရိုးအတွင်း ဗူးဘုရား၏ အရှေ့တောင်ဘက်တွင် တည်ရှိပါသည်။ ပုဂံမြို့ဟောင်းရှိ ကြွင်းကျန်ရစ်သော ဘုရားပေါင်းအဆူ ၂၀၀၀ ကျော်အနက် မဟာဗောဓိပုံကွမ်းထောင်ပေါက်ဘုရားများတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိဘုရားနှင့် အတူဆုံး ဂူဘုရားဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိဘုရားကို အတုယူ၍ ဇေယျသိင်္ခ(ခေါ်) နားတောင်းများမင်း(ခေါ်) ထီးလိုမင်းလိုမင်းက အေဒီ ၁၂၁၅ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ မဟာဗောဓိစေတီတော်သည် လိုဏ်နှစ်ထပ်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၄၃ မီတာ ရှိပါသည်။ တောင်ဘက်နံရံအတွင်းတွင် အပေါ်ထပ်သို့တက်ရန် ကြောင်လိမ်လှေကားရှိပြီး အောက်ထပ်တွင် ဘူမိဖဿမုဒြာဟန်ရုပ်ပွားဆင်းတုတော်တစ်ဆူနှင့် အပေါ်ထပ်လိုဏ်အတွင်းတွင် ဘူမိဖဿမုဒြာဟန် ရုပ်ပွားဆင်းတုပုံ တစ်ဆူရှိပါသည်။ ကွမ်းထောင်မျက်နှာပြင်များတွင် များစွာသော မုခ်ကပ်အချိုင့်များအတွင်း၌ ဗုဒ္ဓဆင်းတုတော်ပေါင်း ၄၆၅ ဆူကျန်ရှိပါသည်။ အပေါ်ထပ်လိုဏ်အရှေ့နံရံတွင် ပထမအင်းဝခေတ်လက်ရေးဖြင့် မင်စာ ၁၃ ကြောင်းရှိပါသည်။ ၎င်းစာတွင် နရပတိစည်သူမင်းကြီး၏သားတော် နားတောင်းများမင်းကြီး၏ ကောင်းမှုဖြစ်ကြောင်း၊ ပုဂံမြို့တွင်း၌ လှူတော်မူခဲ့သော မြေအပိုင်းအခြားအတွက် သမိုင်းရေးခဲ့ကြောင်း၊ ၎င်း၏ကောင်းမှုကို ဖျက်ဆီးသူများအတွက် ကျိန်ခြင်း၊ ဆုတောင်းသစ္စာပြုကြောင်းများကို ရေးထိုးထားပါသည်။ တိုက်မပိုင်းတောင်ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် အင်္ဂတေပန်းတန်းများနှင့် ငှက်ရုပ်၊ နတ်ရုပ်များဖြင့် တန်ဆာဆင်ထားသည်။ တောင်ဘက်မျက်နှာတွင် ငှက်ရုပ် ၁၅ ရုပ်၊ နတ်ရုပ် ၃၅ ရုပ်၊ အနောက်ဘက်မျက်နှာတွင် နတ်ရုပ် ၁၀ ရုပ်၊ မြောက်ဘက်မျက်နှာတွင် ငှက်ရုပ် ၁၈ ရုပ်နှင့် နတ်ရုပ် ၃၅ ရုပ်ရှိပါသည်။