ခိုနန်းရှင်ဘုရားနှင့်လိုဏ်ဂူတော်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒီးဒုတ်-ရဲရွာလမ်း၏ ၁၀ မိုင် ၂ ဖာလုံအကွာ၊ မန်ကျည်းအင်းရွာအနီးတွင် တည်ရှိပါသည်။ ဒုဌဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိပြီး ကြီးမားသောတောင်၏အလယ်တွင် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် လိုဏ်ဂူကြီးတစ်ခုဖြစ်သော ခိုနန်းရှင်လိုဏ်ဂူအတွင်းတွင် ဘုရားစေတီများစွာရှိကာ ပုဂံခေတ်လက်ရာ ဆင်းတုတော်များ အပါအ၀င် ရပ်တော်မူဘုရား၊ လျောင်းတော်မူဘုရားများကိုလည်း ကြည်ညိုဖွယ်ဖူးမြင်ရပါသည်။ အလောင်းစည်သူမင်းကြီး၏ သားတော်ကြီး မင်းရှင်စောလက်ထက်တွင် သာသနာပြုလုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ လိုဏ်ဂူတော်ဖြစ်သည်ဟုလည်း သိရပါသည်။ ထို့ပြင် မိဖုရားစောမွန်လှ၏အဘိုး စော်ဘွားကြီးစောကြာအုံ တည်ခဲ့သည်ဟု ကမ္ပည်းထိုးထားသော ကျောက်စာချပ်များကိုလည်း လိုဏ်ဂူအတွင်းရှိ အချို့ဘုရားစေတီများတွင် တွေ့ရှိရပါသည်။ သဘာ၀အတိုင်း အံ့မခန်းရှိနေသော ကျောက်တန်းများ၊ ကျောက်ပြဿဒ်များနှင့် ခိုနန်းရှင်ဂူသည် တဖက်ပွင့်လှိုဏ်ဂူအမျိုးအစားဖြစ်ပြီး မတ်စောက်တောင်ကမ်းပါးယံဆီသို့ မော့တက်တက်ရသော်လည်း လှိုဏ်ဂူဆီသို့ရောက်လျှင် အလွန်အေးချမ်းသာယာသော တောတောင်စိမ့်စမ်းတို့၏ မပြုမပြင်သဘာ၀အရသာကို ခံစားရလျက် အမောအပန်းပြေသွားရမည်မှာ အသေအချာပင်ဖြစ်ပါသည်။