လေးမျက်နှာဘုရား

Listing Description

လေးမျက်နှာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၊ မင်းနန်သူရွာအနီးတွင် တည်ရှိပါသည်။ ကွမ်းတောင်ပေါက်လှိုဏ်တစ်ဆင့်ဂူဘုရားဖြစ်ပြီး ထီးလိုမင်းလိုမင်း (၁၂၁၁-၁၂၃၄) လက်ထက် ၁၂၂၃ ခုနှစ်တွင် အမတ်ကြီး အနန္တသူရမောင်နှံတို့ တည်ထားသော ကောင်းမှုကုသိုလ် ဖြစ်ပါသည်။ လေးမျက်နှာဂူဘုရားသည် မင်းနန်သူရွာ၏ ရွာဦးစေတီဖြစ်သောကြောင့် နှစ်စဉ်ဘုရားပွဲကျင်းပလေ့ရှိပါသည်။ ဘုရားအတွင်း နံရံဆေးရေးပန်းချီများရှိသော်လည်း အောက်ပိုင်းမှာ ထုံးသုတ်လိုက်သဖြင့် ပျက်စီးသွားပြီး ယခုအခါ အပေါ်ပိုင်းတွင်သာ ကျန်ရှိပါတော့သည်။ ဂူဘုရားအတွင်း အရှေ့ဘက်အဝင်ပေါင်းကူးမျက်နှာကျက်တွင် ဗုဒ္ဓခြေတော်ရာကို ဖူးတွေ့နိုင်ပြီး နံရံအထက်ပိုင်းတွင်မူ မဟောသဓာဇာတ်ကွက် ပန်းချီများကို ကမ္ပဗည်းစာတမ်းနှင့်အတူ ရေးဆွဲထားပါသည်။ ဂူဘုရားအတွင်း၌ ဘုရားဆင်းတု လေးဆူတည်ထားသည်။ ဂူအရံ၌လည်း ဘုရားဆင်းတုများ တည်ထားသည်။ အုတ်တံတိုင်းနှစ်ထပ်ရံ၍ အုတ်ခုံအမြင့်ပေါ်၌ ဂူဘုရားတည်ထားသည်။ ပန္နက်သည် စတုရန်းပုံဖြစ်၍ မုခ်လေးမျက်နှာရှိပြီး အရှေ့ဘက်မုခ်သည် အဓိကဝင်ပေါက်ဖြစ်သည်။ အထက်၌ ပစ္စယာများ၊ ထောင့်များတွင် စေတီငယ်များ၊ ကွမ်းတောင်အထွတ်၌ ထီးတပ်ဆင်ထားသည်။ ဂူဘုရားအတွင်း ပေါင်းကူးမျက်နှာကျက်များ၌ ရုပ်ပုံပါစက်ပိုင်းပုံ ပန်းခက်နွယ်များ၊ နံရံထက်တွင် ၅၅၀ ဇာတ်ကွက်များနှင့် ကမ္ပည်းစာတမ်းများ၊ နှစ်ကျိပ်ရှစ်ဆူဘုရားပုံတော်များ၊ ဗုဒ္ဓဝင်ခန်းများကို လေ့လာကြည်ညိုနိုင်ပါသည်။ ထို့ပြင် အပြင်ဘက်မျက်နှာစာရှိ အင်္ဂတေလက်ရာများမှာလည်း စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ အမတ်ကြီး နန္တသူရမောင်နှံ၏ "မြတ်စွာသော မင်းကြီးအမတ်တျာမဟာသေနာပတိ အနန္တသူရမောင်နှံနှစ်ယောက် ဤလူတွင်၌ အတိုင်းမသိသဒ္ဓါ၍" အစချီ ကျောက်စာမှတ်တမ်းကိုလည်း တွေ့ရှိနိုင်ပါသည်။