ကြည့်မြင်တိုင်ဘူတာ

Listing Description

ကြည့်မြင်တိုင်ဘူတာသည် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ အထက်ကြည့်မြင်တိုင်လမ်းမဘေးတွင် တည်ရှိပြီး ရန်ကုန်မြို့ပတ်ရထားပတ်လမ်းတွင် ပါဝင်သော ဘူတာတစ်ခုဖြစ်သည်။ ရန်ကုန်ဘူတာကြီးမှ စတင်ရေတွက်သော် ၈ ခုမြောက် ဘူတာရုံ ဖြစ်ပြီး၊ အပြန်ရေတွက်သော် ၃၂ ခုမြောက် ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားလမ်းတလျှောက် ရပ်နားသော ဘူတာရုံ စုစုပေါင်း ၃၈ ခု ရှိသည်။ ကြည့်မြင်တိုင်ဘူတာကို ၁၉၂၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဘူတာရုံ၏ မြေညီထပ်တွင် လက်မှတ်ရုံ၊ တာဝန်ကျရုံပိုင်ရုံးခန်း၊ အထူးတန်း ရုံပိုင်ရုံးခန်းများရှိပြီး အပေါ်ထပ်တွင် အထူးတန်းရုံပိုင်၏ အိမ်ခန်းတည်ရှိသည်။ အဆောက်အအုံ၏ အမိုးကို မူလက အုတ်ကျွပ်များဖြင့် မိုးထားသော်လည်း နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ မိုးရေစိမ့်‌ယိုမှုများဖြစ်လာသဖြင့် သွပ်မိုးများဖြင့် လဲလှယ် မိုးထားသည်။ ကြည့်မြင်တိုင်ဘူတာ၏ ထူးခြားချက်တစ်ခုမှာ မြန်မာတစ်နိုင်ငံလုံးတွင် ကြည့်မြင်တိုင်ဘူတာရုံအပါအဝင် လေးနေရာသာရှိသော ယန္တရားနှင့်ချိတ်ဆက်၍ မောင်းတံများဖြင့် လမ်းထိန်းရသော လမ်းထိန်းရုံနှစ်ရုံ (တောင်ဘက်လမ်းထိန်းရုံနှင့် မြောက်ဘက်လမ်းထိန်းရုံ) တို့ တည်ရှိနေခြင်းဖြစ်သည်။ တောင်ဘက်လမ်းထိန်းရုံတွင် မောင်းတံ ၄၈ ချောင်းရှိပြီး မြောက်ဘက်လမ်းထိန်းရုံတွင် ၅၅ ချောင်းရှိသည်။ ကြည့်မြင်တိုင်ဘူတာမှ စထွက်သော ရထားများမှာ ပြည်စာပို့ (၆၃) အဆန်တစ်စီးနှင့် ပဲခူးတိုင်းဒေသကြီး၊ သာရဝေါသို့သွားသော ရထားတစ်စီး ဖြစ်ပါသည်။ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတစ်ခုလည်း ဖြစ်ပါသည်။