ကုန်းတော်ကြီးဘုရား

Listing Description

ကုန်းတော်ကြီးဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ချောက်ဘုရားလှ၊ သကျမုနိဂူဘုရား၏တောင်ဘက် ကုန်းမြင့်အထက်၌ တည်ရှိပါသည်။ တိုက်ခံစေတီပေါက်ဂူဘုရားဖြစ်ပြီး အေဒီ ၁၃ ရာစုခန့်က တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းကြပါသည်။ နံရံဆေးရေးပန်းချီကောင်းများရှိပြီး အာရုံခံနံရံများတွင် ဗုဒ္ဓဝင်ရှစ်ခန်းနှင့် ငါးရာ့ငါးဆယ်ဇာတ်တော်များ ရေးခြယ်ထားရှိပါသည်။ တိုက်မပိုင်းမျက်နှာကြက်တွင် ထူးခြားသော ကနုတ်ပန်းများကြား၌ ငှက်နှင့် တိရစ္ဆာန်မောင်နှံစုံတွဲပုံများကို လှပစွာ ရေးဆွဲထားပါသည်။ အခြားထူးခြားချက်တစ်ခုမှာ နှစ်ကျိပ်ရှစ်ဆူသော ဘုရားများထံမှောက်၌ ဂေါတမဘုရားလောင်း ဗျာဒိတ်ခံဟန်ပုံများနှင့် အဝိဓူရေ ဗုဒ္ဓဝင်ခန်းများကို ကမ္ဗည်းစာများနှင့်တကွ ရေးဆွဲထားပါသည်။ မျက်နှာကြက်ပန်းချီအချို့မှာ ၁၉၇၅ ခုနှစ် ငလျင်လှုပ်စဉ်က သုံးဆယ်ရာခိုင်နှုန်းခန့် ကွာကျပျက်စီးခဲ့ပါသည်။ ပန်းတော့ အင်္ဂတေပန်းလက်ရာ ထူးခြားကောင်းမွန်ပြီး ဘီလူးပန်းဆွဲများအတွင်းရှိ နတ်ရုပ်များနှင့် နဂါးပုံများမှာ လက်ရာကောင်းမွန်သော ဂူဘုရားတစ်ဆူဖြစ်ပါသည်။