မောင်သာ(ရှေးဟောင်းသုတေသန)
မြန်မာနိုင်ငံအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့ဟောင်း ၁၈ ခုအနက် သာဂရနှင့် မုတ္ထီးသည် အထင်ရှားဆုံးဖြစ်သည်။ သာဂရ မြို့ဟောင်းမှ လက်စင်းရာပါရှိသည့် အုတ်ချပ်များ၊ အရိုးအိုးများ၊ ဖန်ပုတီးများ နှင့် ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်များရရှိခဲ့ကာ မုတ္ထီးမြို့ဟောင်းမှလည်း ရှေးဟောင်းပစ္စည်းများကို ရရှိခဲ့သည်။
ထားဝယ်ဒေသရှိ ထင်ရှားစွာပြနိုင်သည့် မြို့ဟောင်း ၁၁ ခု အနက် ခုနစ်ခု သည် ထားဝယ်မြစ်ရိုးတစ်လျှောက်၌ တည်ရှိကြောင်း သမိုင်းပညာရှင် ဦးသန်းဆွေ(ထားဝယ်)က ရေးသားခဲ့သည်။
ထားဝယ်မြို့
မြန်မာ့စွယ်စုံကျမ်းတွင် ထားဝယ်လူမျိုးများသည် တိဗက် မြန်မာအစုမှ မြန်မာလူမျိုးအုပ်စုဝင်ဖြစ်ပြီး မြန်မာတို့နှင့် ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတို့တူညီကြောင်းနှင့် ရခိုင်ကမ်းမြောင်ဒေသမှရခိုင်များသည် တနင်္သာရီကမ်းမြောင်ဒေသသို့ သွားရောက်နေထိုင်ကြရာမှ ပေါက်ပွားလာသောအစုကို ထားဝယ်သားများဟု ခေါ်ဟန်ရှိကြောင်း ရေးသား ထားသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှတ်တမ်းတွင် ပုဂံဓမ္မရာဇိကဘုရား ကျောက်စာနှင့် ရှင်မုတ္ထီးကျေးရွာ အုတ်ခွက်ဘုရားများအရ ထားဝယ်တို့သည် နှစ် ၉၀၀ အတွင်း တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့အခြေချကာ မြို့ဟောင်းများတည်ခဲ့ကြပြီး ထားဝယ်သည် နောက်ဆုံးတည်ခဲ့သည့် မြို့ ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကိုင်း၊ ဆင်နင်းတိုက်ပေမူကို ကိုးကားသည့် ထားဝယ်ရာဇဝင်ဆရာများ ၏ အလိုအရ ထားဝယ်စား ဦးနဲလှသည် ခရစ်နှစ် ၁၇၄၈ ခုနှစ်တွင် ထားဝယ် မြို့ကို တည်ခဲ့ကြောင်း အဆိုရှိသကဲ့သို့ ‘ဥသြအော်သည် ထားဝယ်တည်’ ဟူသည့်စာချိုးအရ မြန်မာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် တွင် တည်ခဲ့သည်ဟုလည်း ဆိုကြသည်။
ထားဝယ်မြို့ကိုတည်စဉ်က သာယာဝပြောစေရန် ရည်ရွယ်လျက် သာယာ ဝတီမြို့ဟု အမည်ပေးလျက် အုတ်မြို့အဖြစ် အခိုင်အမာတည်ဆောက်ခဲ့ပြီး သာယာဝတီမှ ထားဝယ်သို့ မည်သည့်အချိန်တွင် အမည်ပြောင်းလဲခဲ့ခြင်းကို မသိရှိရကြောင်း ထားဝယ်ဒေသ အချက်အလက်မှတ်တမ်းတွင် ဖော်ပြသည်။ ထားဝယ်မြို့ကို တည်ထောင်စဉ်က ဇရစ်၊ ခုံဝင်းဒပ်၊ ကညုံ၊ မြောက်ရွာ၊ အနောက်နှင့် မြို့တွင်းဟူသည့် အရပ်ခြောက်ခုရှိခဲ့သည်။
ထားဝယ်မြို့ကို ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနက ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်တွင် ဖွဲ့စည်းခဲ့ကာ လက်ရှိအချိန်တွင် ထားဝယ် မြို့နယ်၌ မြို့နှစ်မြို့(ထားဝယ်နှင့်မေတ္တာ)၊ ရပ်ကွက် ၁၈ ခု၊ ကျေးရွာအုပ်စု ၂၅ အုပ်စုနှင့် ကျေးရွာ ၁၀၈ ရွာရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၂ ပေမြင့်သည့် ထားဝယ်မြို့နယ်သည် ၂၆၃၆ ဒသမ ၁၄ စတုရန်းမိုင်ကျယ်ဝန်း လျက် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် လောင်းလုံးမြို့နယ်၊ တောင်ဘက်တွင် သရက်ချောင်းမြို့နယ်၊ မြောက်ဘက်တွင် ရေဖြူမြို့နယ်တို့နှင့် ထိဆက်နေသည်။
သာဂရမြို့ဟောင်း
သာဂရသည် ထားဝယ်မြစ်အတွင်းသို့ စီးဝင်နေသည့် ပဒတ်ချောင်းနှင့် ဆင်ပုနစ်ချောင်းအကြား၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်နှင့် အရှေ့ လောင်ဂျီတွဒ် ၆၉ ဒီဂရီ ၁၀ မိနစ်အကြား၌ တည်ရှိသည်။ သာဂရမြို့ကို ထားဝယ်မြို့၏ အနောက်မြောက်ဘက်ကိုးမိုင်အကွာ၊ ထားဝယ်မြစ်၏ အနောက်ဘက်ကမ်းတွင် ကောဇာ သက္ကရာဇ် ၁၁၃ ခုနှစ်က တည်ထားခဲ့ကြောင်း ယူဆကြကာ သာဂရမြို့တည် ဥသြစည်ဟု မှတ်သားခဲ့ကြသည်။ ရှေးအခါက သာဂရကို ဆင်ပုနစ်မြို့ဟောင်း၊ ဇလွန်မြို့ဟောင်းဟုလည်း ခေါ်ခဲ့ကြသည်။
သာဂရသည် လောင်းလုံးမြို့နယ်အတွင်း၌ တည်ရှိကာ အပြင်သာဂရ မြို့ဟောင်းမြို့ရိုးနှင့် ကျုံး၊ အတွင်းသာဂရမြို့ဟောင်း မြို့ရိုးနှင့်ကျုံး၊ သာဂရ မြို့ဟောင်းနှင့် ပျူသင်္ချိုင်း (အရိုးကုန်း)တို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရှေးဟောင်းအဆောက်အအုံများအဖြစ် စောင့်ရှောက်ထိန်းသိမ်းပြုပြင်ထားသည်။ ၂၀၁၃- ၂၀၁၄ ခုနှစ်တွင် သာဂရ မြို့ဟောင်းတစ်ခုလုံးနှင့် မြို့ဟောင်းမြောက်ဘက်ရှိ ပျူသင်္ချိုင်းများ အပါအဝင် အကျယ်အဝန်း ၂၈၇ ဧကကို ရှေးဟောင်းနေရာတည်ရှိရာဇုန်အဖြစ် သတ်မှတ် ခဲ့ကာ အပြင်မြို့ရိုးမှ တစ်မိုင်ပတ်လည်ကို ကာကွယ်ထိန်းသိမ်းထားသော ဇုန်အဖြစ် သတ်မှတ်၍ ဇုန်နယ်နိမိတ်ကျောက်တိုင်များ စိုက်ထူခဲ့သည်။
သာဂရ တည်ရှိသည့် မြို့ဟောင်းကျေးရွာ၏ လေးဖက်လေးတန်၌ မြေမြို့ရိုးများ၊ ကျုံးဟောင်းရာများရှိ၍ မြို့ဟောင်းအတွင်း၌ ဘုရားကုန်းဟောင်း များ၊ မြေကုန်းများ၊ အုတ်ရိုးအပိုင်းအစများကို တွေ့ရှိရကာ မြေမြို့ရိုးများသည် အမြင့်ဆုံးနေရာတွင် ၁၆ ပေရှိ၍ ပျမ်းမျှအကျယ်သည် ၆ ပေခွဲကျော်ဖြစ်သည်။
ကောင်းကင်မြေပုံ တိုင်းတာမှုများအရ မြို့ရိုးသုံးထပ်ရှိသည့် သာဂရ မြို့ဟောင်း၏ အပြင်မြို့ရိုးသည် ဝန်းဝိုင်းသော ပုံရှိ၍ မြို့ရိုးပတ်လည်သည် ၂ ဒသမ ၃၉ မိုင်၊ ဒုတိယမြို့ရိုးသည် ၁ ဒသမ ၄ မိုင်နှင့် အတွင်းပိုင်းမြို့ရိုးသည် ၁ ဒသမ ၃၆ မိုင်ရှည်လျားသည်။ အပြင်မြို့ရိုး၏ အတွင်းပိုင်း အရှေ့အနောက် အကျယ်သည် သုည ဒသမ ၇၉ မိုင်နှင့် တောင်မြောက် အကျယ်သည် သုည ဒသမ ၆၁ မိုင်ရှိသဖြင့် မြို့ဟောင်းဧရိယာသည် ၂၄၅ ဧက ဖြစ်သည်။
အတွင်းမြို့ရိုးသည် ထောင့်မှန်မကျသည့် စတုဂံပုံသဏ္ဌာန်ရှိ၍ မြေမြို့ ရိုးရာများနှင့် ကျုံးရာများကျန်ရှိနေကာ အတွင်းဘက်ရှိ ထောင့်ချိုးမကျသော စတုဂံပုံသဏ္ဌာန် မြို့ရိုးသည် မြို့ဟောင်းမြောက်ဘက်ခြမ်းနှင့် တစ်ဆက် တည်းဖြစ်နေသည်။
ထားဝယ်မြို့မှ သာဂရမြို့ဟောင်းသို့သွားလျှင် မြေမြို့ရိုး နှစ်ထပ် ထင်ရှား စွာ ကျန်ရှိနေသည့် မြို့ဟောင်းတောင်ပိုင်းကိုဖြတ်၍ မြို့ဟောင်းအတွင်းသို့ ဝင်ခဲ့ကြရသည်။ မြို့ဟောင်းရွာသို့ဝင်သည့် မော်တော်ကားလမ်းသည် သာဂရ မြို့ဟောင်း၏ တောင်ဘက်မူလဝင်ပေါက်ဖြစ်ပြီး မြောက်ဘက် ဝင်ပေါက် နေရာကိုလည်း အနည်းငယ်ဖြိုဖျက်၍ မော်တော်ကားလမ်း ဖောက်လုပ်ထား သည်။
သာဂရမြို့ဟောင်း၏ အရှေ့တောင်ဘက် အပြင်မြို့ရိုးနှင့် အတွင်းမြို့ရိုး အကြား ပေ ၇၅၀ ကျော် ကျယ်ဝန်းသည့်နေရာမှ အိုးကွဲစများ၊ စဉ့်ကွဲများ၊ ပုတီးစေ့များကို ရရှိခဲ့သဖြင့် ယင်းနေရာတွင် လူများ နေထိုင်ခဲ့ဟန်ရှိသည်။ သာဂရမြို့ဟောင်း၏ မြောက်ဘက် မြေမြို့ရိုးမှ မီတာ ၂၀၀ (၆၅၆ ပေ) အကွာရှိ နန်းတော်ရာဟောင်းဟု ယူဆကြသည့်နေရာ၌ အုတ်တန်းများ ကျန်ရှိနေသည်။ ယင်းနေရာမှ အရှေ့ဘက် ၁၅၄ မီတာ (၅၀၅ ပေ) တွင် နန်းဦးစေတီနှင့် ရဟန္တာ သိမ်ရှိသည်။ မြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးအပြင်တွင် မင်္ဂလာရေကန် ဟောင်းသည်ပေ ၁၁၀ ပတ်လည်ရှိပြီး ကောနေပြီဖြစ်သည်။
သာဂရသင်္ချိုင်းရာ
သာဂရမြို့ဟောင်းတောင်ဘက် မြို့ရိုးအပြင်ဘက်ရှိ မြို့ကိုးကုန်း၌ ကုန်း တစ်ခုကို ပြုပြင်၍ မြို့ဦးစေတီ တည်ထားသဖြင့် ကုန်းရှစ်ကုန်းကျန်ရှိနေသည်။
မြို့ကိုးကုန်း၏ အနောက်ဘက် မီတာ ၉၀ (၂၉၅ ပေ) အကွာမှ အရိုးပြာများ ပါရှိသည့် မြေအရိုးအိုးငယ်များနှင့် မီးသွေးစများကို ရရှိခဲ့သည်။ မြေအရိုးအိုး များ၏ လည်တိုင်တွင် အပြောက်အမွမ်းများရေးဆွဲထားသည်။ ယင်းနေရာမှ အရိုးအိုးများစွာကို တွေ့ရှိခဲ့သဖြင့် သာဂရမြို့ဟောင်း၏ သင်္ချိုင်းဟောင်းနေရာ ဟု ယူဆခဲ့ကြသည်။ အရိုးအိုးများတွင် ပုတီးစေ့တစ်စေ့မှ ငါးစေ့အထိပါရှိကာ ပုတီးစေ့မပါရှိသော အိုးများလည်း ရှိခဲ့သည်။ သာဂရ အရိုးအိုးများသည် ပျူ မြို့ဟောင်းများတွင် တွေ့ရှိရလေ့ရှိသည့် အရိုးအိုးများနှင့် တူညီနေပေသည်။
ဒေသခံများက မင်းသမီးသင်္ချိုင်းရာဟု ခေါ်ဆိုကြသည့် နေရာသည် သာဂရမြို့ဟောင်း၏ အနောက်တောင်ထောင့်တွင်တည်ရှိပြီး ယခုအခါ မြေပြင်ညီဖြစ်နေပြီး မူလက ကုန်းမို့တစ်ခု ဖြစ်ခဲ့ဟန်ရှိသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် သာဂရ မြို့ဟောင်းကို သုံးကြိမ် တူးဖော်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ပထမဆုံး တူးဖော်မှုအဖြစ် ကုန်းအမှတ်(၁)နှင့် အမှတ်(၂) (SGR 1)(SGR 2) တို့ကို တူးဖော်ခဲ့သည်။
မြို့ရိုးဟောင်း၊ကျုံးဟောင်း၊ သင်္ချိုင်းရာနှင့် နန်းတော်ရာဟု ယူဆရသည့် အဆောက်အအုံပန္နက်များ ကျန်ရှိနေသည့် သာဂရ မြို့ဟောင်းသည် တစ်ချိန် က မြို့ပြနိုင်ငံတစ်ခုဟု ကောက်ချက်ချနိုင်ခဲ့သည်။ တည်နေရာပထဝီဝင်အနေ အထားအရ သာဂရသည် ကုန်းလမ်းရေလမ်းတို့မှ အလွယ်တကူ သွားလာနိုင် သော နေရာတစ်ခုဖြစ်ကာ မြေဆီမြေနှစ်ကောင်းမွန်သည့် နုန်းတင်မြေနု လွင်ပြင်ဖြစ်သဖြင့် ထိုစဉ်က သာဂရတွင် နေထိုင်ခဲ့ကြသူများသည် စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြမည်ဟု ယူဆနိုင်ပေသည်။
မြေအိုးများ၊ ရောင်စုံပုတီးများ၊ ရွှေထည်များကို ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် သာဂရတွင် နေထိုင်ခဲ့ကြသူများသည် သင့်တင့်သော အနုပညာဗီဇနှင့် ယဉ်ကျေးမှုအဆင့်အတန်းရှိကြောင်း မြန်မာ့ရှေးဟောင်းမြို့တော်များ စာအုပ်တွင် ဖော်ပြခဲ့သည်။
မြို့ပြငယ်တစ်ခုအဖြစ် တည်ထောင်ခဲ့သော သာဂရသည် ယဉ်ကျေးမှု အဆင့်အတန်း အသင့်မြင့်မားခဲ့ကာ သင့်တင့်သော ဗိသုကာ လက်ရာများကို မြို့ဟောင်းအတွင်း၌ တွေ့ရှိရသည်။ ပျူယဉ်ကျေးမှုကာလ နှောင်းပိုင်း သို့မဟုတ် ပုဂံခေတ်ဦးမှ ကုန်းဘောင်ခေတ် အထိ၊ အေဒီ ရှစ်ရာစုမှ ၁၈ ရာစု အတွင်း ရာစုနှစ် ၁၀ စုကြာတည်တံ့ခဲ့သည့် သာဂရမြို့ဟောင်းသည် အင်အား ကြီးမားခဲ့သော မြန်မာဘုရင်များ၏ လက်အောက်ခံ၊ အခွန်တော်ဆက်ရသည့် မြို့ငယ်တစ်ခု ဖြစ်ခဲ့ကြောင်း ပညာရှင်များက သုံးသပ်ခဲ့ကြ ပေသည်။
မုတ္ထီးမြို့ဟောင်း
မုတ္ထီးမြို့ဟောင်းသည် ထားဝယ်မြို့မှ တောင်ဘက်သို့ ခြောက်မိုင် ကွာဝေး ၍ မုတ္ထီး(၁)၌ အနောက်ဘက်ရှိ ပေါက်တိုင်းချောင်းကို ကျုံးအဖြစ် အသုံးပြု၍ ကျန်သုံးဘက်တွင် မြို့ရိုးတည်ဆောက်ခဲ့သည်။ မြို့ရိုးသည် စတုဂံပုံဖြစ်၍ ထောင့်စွန်းများသည် ထောင့်မှန်မကျချေ။ မုတ္ထီးမြို့ဟောင်းအလယ်၌ တောင် မြောက် ကန့်လန့်ဖြတ်တည်ရှိနေသည့် ကျုံးနှင့် မြို့ရိုးရာကြောင့် အတွင်းမြို့ နှင့် အပြင်မြို့ဟု နှစ်ပိုင်းတည်ရှိခဲ့သည်။ မြို့ဟောင်း၏အရှေ့မြို့ရိုးသည် ပေ ၁၂၀၀ ၊ တောင်မြို့ရိုးသည် ပေ ၄၀၀၀ နှင့် မြောက်မြို့ရိုးသည် ပေ ၁၂၀၀ ရှည်လျားသည်။
ထားဝယ်မြို့မှ မြိတ်မြို့သို့ မော်တော်ကားဖြင့်သွားလျှင် ထားဝယ်မြို့ အထွက်၌ မြင်ကြရသည့် ရှင်မုတ္ထီးဘုရားသည် မုတ္ထီးမြို့ဟောင်းအတွင်း၌ တည်ရှိနေကာ မော်တော်ကားလမ်းက မုတ္ထီးမြို့ဟောင်း၏ တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးကို ဖြတ်သန်းနေသည်။
မုတ္ထီး(၂) (စော်ဝ ကျေးရွာ)သည် မုတ္ထီး(၁) တောင်ဘက်မြို့ရိုးနှင့် ကပ်လျက် တည်ရှိ၍ မုတ္ထီး(၂) မြို့ရိုးသည် စတုဂံ မကျတကျ ပုံစံရှိပြီး တောင်ကုန်းတစ်ခုကို ပတ်၍ အနောက်ဘက်မြို့ရိုးကို တည်ဆောက်ထားသည်။ မြို့ဟောင်း၏ အနောက်မြို့ရိုးသည် ပေ ၃၃၀၀၊ တောင်မြို့ရိုးသည် ပေ ၁၆၀၀ နှင့် မြောက် မြို့ရိုးသည် ပေ ၁၆၀၀ ရှည်လျားသည်။
မုတ္ထီး(၁) နှင့် မုတ္ထီး(၂)တို့သည် တစ်ခုနှင့်တစ်ခု အစွန်းချင်းထိဆက်နေပြီး ပုံစံချင်း မတူညီကြချေ။ မုတ္ထီး(၁) သည် အနောက်ဘက်တွင် မြို့ရိုးကို တည်ဆောက်မထားသော်လည်း မုတ္ထီး(၂) တွင်မူ အနောက်ဘက်မြို့ရိုးကို တည်ဆောက်ထားသည်။
မြေမြို့ရိုးများသည် ပြုန်းတီးပျက်စီးနေကြကာ ပျမ်းမျှအမြင့် ငါးပေနှင့် ၁၀ ပေအကြား ကျန်ရှိနေပြီး ကျုံးအကျယ်မှာ ပျမ်းမျှ ပေ ၂၀ ရှိသည်။ မြေမြို့ရိုး၏ အချို့နေရာများတွင် အုတ်နှင့်ဂဝံတို့ကို မူလကတည်းက ထည့်သွင်းတည်ဆောက်ခဲ့ဟန်ရှိကာ အုတ်နှင့်ဂဝံ အပိုင်းအစများ ကျန်ရှိနေခဲ့သည်။
မုတ္ထီးမြို့ဟောင်းသည် သာဂရမြို့ဟောင်းလောက် ရှေးမကျသော်လည်း မြို့ဟောင်းမှ တွေ့ရှိခဲ့သည့် အထောက်အထားများအရ ပုဂံခေတ်မတိုင်မီ ကာလများကို ဖော်ညွှန်းနိုင်သည်ဟုဆိုသည်။ ရာဇဝင်ကျမ်းများ အလိုအရ မုတ္ထီးကို အင်းဝခေတ်တွင် တည်ခဲ့ကြောင်း ယူဆကြသော်လည်း ယေဓမ္မာ ဟေတုပ္ပဘဝါ အစချီသည့် ဂါထာရေးထိုးထားသည့် အုတ်ခွက်ဘုရားများ၊ ပုဂံဘုရင် ကျန်စစ်သား၏ ဘွဲ့တော် သီရိတြိဘုဝနာဒိတျဓမ္မရာဇာ ပါရှိသည့် အုတ်ခွက်ဘုရားများ၊ ဟိန္ဒူနတ်ဘုရား ဗိဿနိုးရုပ်တုကို မုတ္ထီးဝန်းကျင်မှ တွေ့ရှိခဲ့သည်။ မုတ္ထီးမြို့ဟောင်းအကြောင်း ရေးသားသည့် စာအုပ်စာတမ်း များတွင် မုတ္ထီးသည် ပုဂံခေတ် ၁၁ ရာစုမှ ၁၃ ရာစုအတွင်း ထွန်းကားခဲ့ဟန် ရှိကြောင်း ဖော်ပြကြသည်။
မုတ္ထီးမြို့ဟောင်း အဆောက်အအုံများ
မုတ္ထီးမြို့ဟောင်းအတွင်း၌ အထင်ရှားဆုံး အဆောက်အအုံသည် ရှင်မုတ္ထီး ဘုရားဖြစ်ကာ ရှင်ကိုးရှင်ဘုရားတစ်ဆူအဖြစ် ထင်ရှားသည်။
ခရစ်နှစ် ၁၉၂၄ ခုနှစ်တွင် တနင်္သာရီတိုင်းမင်းကြီး မစ္စတာအိပ်ချ်အမ် စတီဗင်ဆင်သည် ရှင်မုတ္ထီးစေတီအနီးမှ အုတ်ခွက်ဘုရား ၃၀၀ ကို ရရှိခဲ့သည်။ အုတ်ခွက်ဘုရားအချို့၏ ကျောဘက်တွင် ရှေးဟောင်းမွန်ကမ္ပည်းစာ ‘ဟသ္မိင်သြီတြိဘောဝနာဒိတျ ’ ဟု ရေးထိုးထားရာ မြန်မာဘာသာဖြင့် သီရိတြိဘုဝနာဒိတျဓမ္မရာဇာဖြစ်ပြီး ပုဂံပြည့်ရှင် ကျန်စစ်သားမင်းကြီး၏ ဘွဲ့တော်ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်တွင် မုတ္ထီးမြို့ဟောင်းမှ အုတ်ခွက် ဘုရားများကို ထပ်မံရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် မုတ္ထီး(၂)ရှိ အရူးပျောက် ဘုရားတံကဲ ပြိုကျရာမှ ပျမ်းမျှအလျား ငါးလက်မ၊ အမြင့် လေးလက်မနှင့် အထူတစ်လက်မအရွယ်ရှိသည့် အုတ်ခွက်ဘုရားများ ထွက်လာခဲ့သည်။
ရှင်မုတ္ထီးဘုရား မြောက်ဘက်မုခ်မှ မြို့ဟောင်း အနောက်ဘက်ရှိ ပေါက်တိုင်းချောင်းအထိ ဖောက်လုပ်ထားသည့် အုတ်လမ်းသည် ပေ ၃၁၇၀ ရှည်၍ ပျမ်းမျှ ခုနစ်ပေ ကျယ်ကာ ဘုရားတက်လမ်းဟု ခေါ်ဆိုကြသည်။ ခင်းထားသည့် အုတ်များ၏ ပျမ်းမျှအရွယ်သည် အလျား ၁၅ လက်မ၊ အနံ ၇ လက်မနှင့် ထု ၂ လက်မ ဖြစ်သည်။
မုတ္ထီး(၂) မြို့ဟောင်း၏ အနောက်မြို့ရိုးနှင့် မြောက်မြို့ရိုးတို့ ဆုံသည့် နေရာအနီး၊ စော်ဝကျေးရွာတွင် တည်ထားသည့် အရူးပျောက်ဘုရားကို သက္ကရာဇ် ၇၈၀ ပြည့်နှစ် နယုန်လဆန်း ၈ ရက်တွင် တည်ခဲ့ကြောင်း ရေးသား ကြသည်။ အရူးပျောက်ဘုရားသိမ်အတွင်း၌ ဉာဏ်တော် ၂၈ ပေမြင့်သည့် ရှေးဟောင်းရုပ်ပွားတော် တစ်ဆူရှိသည်။ စေတီတော် ပရိဝုဏ်တွင် ထားရှိသည့် ဂဝံ ကျောက်အိုးကို ဆေးဆရာ မယ်စောက ဘုရင့်ထံပေးပို့သည့် ဆေးသစ္စာ တော် ရေအိုးဟု ယုံကြည်ကြသည်။
ဗိဿနိုးရုပ်
မုတ္ထီးမြို့ဟောင်းမှ ဗိဿနိုးရုပ်တုကို ကျိုးပြတ်နေသည့် ကျောက်ရုပ်တု များနှင့်အတူ ၁၉၆၂ ခုနှစ်က အရူးပျောက်ဘုရားအနီး ရော်ဘာခြံနှင့် လယ်ကွင်းအစပ်မှရရှိခဲ့ကာ မုတ္ထီးရွာအဝင် လန်းဒေါ့ရွာထိပ်၌ ၁၅ ပေပတ်လည် ကျယ်ဝန်းသည့် နတ်ကွန်းဆောက်၍ ထားရှိခဲ့သည်။ ယင်းရုပ်တုကို ဒေသခံ များက ရွာတော်ရှင်အဖြစ် ကိုးကွယ်ကြသကဲ့သို့ ဟိန္ဒူဘာသာဝင်များကလည်း ကိုးကွယ်ကြသည်။ သဲကျောက်ပေါ်တွင် ဖောင်းကြွထုထားသည့် ယင်းရုပ်တု သည် ၄ ဒသမ ၆၅ ပေ မြင့်၍ ၁ ဒသမ ၃၇ ပေကျယ်ကာ အထူ ၃ ဒသမ ၅၄ လက်မ ရှိသည်။ ဒေသခံများက မုတ္ထီး(၁) မြို့ဟောင်း၏ ထောင့်လေးထောင့် တွင် ယင်းရုပ်တု တစ်ခုစီရှိခဲ့သည်ဟု ဆိုကြသော်လည်း လက်ရှိ အရုပ်ကိုသာ တွေ့ရှိခဲ့သည်။
လက်လေးချောင်းပါရှိသည့် ယင်းရုပ်တုသည် ညာဘက်အပေါ်လက်ဖြင့် တင်းပုတ်ကို ကိုင်ထား၍ ဝဲဘက်အပေါ်လက်ဖြင့် ခရုသင်းကိုကိုင်ထားသဖြင့် ဗိဿနိုးနတ်ရုပ်ဖြစ်ကြောင်း သိရှိနိုင်ခဲ့ကြသည်။
မုတ္ထီးမြို့ဟောင်းမှ ရရှိခဲ့သည့် သမိုင်းအထောက်အထားများသည် မြေပြင် ပေါ်မှ ရရှိခဲ့သည့် ပစ္စည်းများသာဖြစ်ကြပြီး မုတ္ထီးမြို့ဟောင်းကို စနစ်တကျ တူးဖော်မှုများ မပြုလုပ်ရသေးချေ။ ထို့ကြောင့် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုများကိုသာ ဆောင်ရွက်နိုင်မည်ဆိုပါက မုတ္ထီးမြို့ဟောင်းနှင့် ဆက်နွှယ်သည့် ပိုမိုခိုင်မာသော သမိုင်းအထောက်အထားများကို ဖော်ထုတ်နိုင် မည်ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး၏မြို့တော် ထားဝယ်မြို့ အနီးဝန်းကျင်ရှိ သာဂရနှင့် မုတ္ထီးတို့သည် သုတေသီများစိတ်ဝင်စားကြသည့် မြို့ဟောင်းများ အဖြစ် ထင်ရှားခဲ့ကြပေသည်။
ကိုးကား
ထားဝယ်ဒေသဆိုင်ရာ အချက်အလက်များ(ပြည်ထဲရေးဝန်ကြီးဌာန)
မြန်မာ့ရှေးဟောင်းမြို့တော်များ(ယဉ်ကျေးမှုဝန်ကြီးဌာန)
မုတ္ထီးမြို့ဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ လေ့လာချက်စာတမ်း
(သော်ဇင်လတ်)