ချင်းပြည်နယ်၏ ဂုဏ်ယူဖွယ် အာဆီယံအမွေအနှစ် နတ်မတောင်အမျိုးသားဥယျာဉ်

Listing Description

ချင်းပြည်နယ်၏ ဂုဏ်ယူဖွယ်များတွင် ကန်ပက်လက်မြို့တွင်ရှိသော အာဆီယံအမွေအနှစ်ဖြစ်သည့် နတ်မတောင် အမျိုးသားဥယျာဉ် (ဝိတိုရိယတောင်) လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ချင်းပြည်နယ်၏ ဂုဏ်ဆောင် ရိဒ်ရေကန်နှင့် နတ်မတောင် အမျိုးသားဥယျာဉ်တို့သည် မြန်မာနိုင်ငံအတွက် ဂုဏ်တင့်လျက် ရှိသည်။ ကန်ပက်လက်မြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၄၅၆၀ တွင် တည်ရှိပြီး နတ်မတောင်(ဝိတိုရိယ)အမျိုးသားဥယျာဉ်သည် ပေ ၁၀၅၀၀ အမြင့်တွင် တည်ရှိသည်။ ဆောမြို့မှ ကန်ပက်လက်မြို့သို့၁၂ မိုင်ဝေးကွာပြီး ကန်ပက်လက်မြို့မှ အမျိုးသားဥယျာဉ်တောင်ထိပ်သို့ ၁၇ မိုင်ဝေးကွာသည်။ ကန်ပက်လက်မြို့၏ ပေ ၆၀၀၀ ခန့် အမြင့်တွင် သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ နတ်မတောင်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးကို တွေ့မြင်ရပြီး ပေ ၆၂၀၀ ၌ ကန်ပက်လက်မြို့ဟောင်းနေရာတွင် လှပသေသပ်စွာ ဆောက်လုပ်ထားသော ထင်းရှူး ဘန်ဂလိုများတည်ရှိရာ ဟိုတယ်ဇုန်ကို တွေ့မြင်ရမည်ဖြစ်သည်။ ရင်သပ်ရှုမောဖွယ် ချင်းတောင်တန်းတို့၏ သဘာဝရှုခင်းများကို ကြည့်ရှုနိုင်မည့် ဟိုတယ်ဇုန်နေရာမှ တောင်တက် ကတ္တရာလမ်းအတိုင်း ခရီးနှင်ပါက ပေ ၁၀၅၀၀ တွင်ရှိသော ဝိတိုရိယတောင်ထိပ်သို့ ရောက်ရှိပြီး ရွှေရောင်ဝင်းလက်နေသော စေတီတော်တစ်ဆူကို ကြည်ညိုစွာ ဖူးမြော်ရမည်ဖြစ်သည်။ တောင်ထိပ်တွင် အေးစိမ့်သော လေထုနှင့်အတူ မြက်ခင်းစိမ်းတော၊ ထင်းရှူးတောနှင့် ကျေးငှက်သံတို့မှာ လွင့်ပျံ့လျက် အာဆီယံအမွေအနှစ်ဖြစ်သော အမျိုးသားဥယျာဉ်ကြီးမှာ မြန်မာနိုင်ငံ၏ဂုဏ်ဆောင် အမျိုးသား ဥယျာဉ်ကြီးပမာ လှပတင့်တယ်လျက်ရှိသည်။

ရှားပါးငှက်များ ကွန်းခိုရာ

ညိုမှောင်တစ်သွယ်၊ စိမ်းမြမြတစ်ဖုံ၊ မှိုင်းညိုနေသည့် ချင်းပြည်နယ်၏ တောင်စဉ်တောင်တန်းများကို ရစ်သိုင်းတွဲခိုနေသော မြူခိုး၊ တိမ်ခိုးများက အမျိုးသားဥယျာဉ်သို့ လာရောက်အပန်းဖြေသူတို့ကို အေးချမ်းသော အပြုံးဖြင့် ဖိတ်ခေါ်လျက်ရှိသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာလသည် ရာသီဥတုကောင်းမွန်သော အချိန်တွင် ထိုသို့တွေ့မြင်နိုင်ပြီး ကျန်ရာသီတွင် မိုးများ၍ မြူနှင်းများအုပ်ဆိုင်းလျက် အမြဲအေးစိမ့် နေတတ်သည်။ ထိုနေရာတွင် အမြင့်ဆုံးအပူချိန်သည် ၃၂ ဒီဂရီ စင်တီဂရိတ်သာရှိပြီး အနိမ့်ဆုံးအပူချိန်သည် ၃ ဒီဂရီ စင်တီဂရိတ်ရှိကာ နှစ်စဉ်ပျမ်းမျှ မိုးရေချိန်မှာ ၆၅ လက်မရှိသော တောင်ပေါ်ဒေသလည်းဖြစ်သည်။ မတ်လ ပထမပတ်တို့တွင် ထိုတောင်ထိပ်၌ လေအေးများ မပြတ် တိုက်ခတ်တတ်ပြီး အေးစိမ့်လျက်ရှိကာ နေရောင်ခြည်မှာ လင်းခြည်တစ်လှည့် မှိုင်းခြည် တစ်မှုန်ဖြင့် ပြောင်းလဲနေသောကြောင့် သီးခြားကမ္ဘာတစ်ခုသို့ ရောက်ရှိနေသည့်ပမာ လာရောက်အပန်းဖြေသူတို့ ခံစားရလေ့ရှိသည်။ နတ်မတောင် အမျိုးသားဥယျာဉ်သည် သစ်တောဦးစီးဌာနအောက်တွင်ရှိသော သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာနခွဲ တစ်ခုလည်း ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် နတ်မတောင်အမျိုးသားဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းကို စတင် အကောင်အထည်ဖော်ခဲ့ပြီး အရှေ့တောင်အာရှတွင် ထူးခြားသော တောင်ပေါ်ဒေသတစ်ခုအဖြစ် သတ်မှတ်ထား၍ ရာသီမပြတ် တောတောင် စိမ်းလန်းစိုပြည်သောကြောင့် ရှားပါးငှက်များ နားခိုကျက်စားရာ ဥယျာဉ်ကြီး တစ်ခုအဖြစ် အသိအမှတ်ပြုထားလျက်ရှိသည်။

နတ်မတောင်အမျိုးသားဥယျာဉ်ကို၂၀၁၂ ခုနှစ် စက်တင်ဘာလမှစ၍ အာဆီယံ၏ အမွေအနှစ်ဒေသအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ပြီး အာဆီယံနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများကလည်း နတ်မတောင် အမျိုးသား ဥယျာဉ်အား ပိုမိုစိတ်ဝင်စားခဲ့၍ နိုင်ငံခြသားခရီးသွားများလာရောက် အပန်းဖြေ လေ့လာရာ နေရာတစ်ခု ဖြစ်လာသည်။ ရှားပါးငှက်၊ ရှားပါးသစ်ခွ၊ သက်ရှိဇီဝနှင့် ရုက္ခ မျိုးစုံ ရှင်သန်ပေါက်ရောက်ရာ ဒေသဖြစ်သည့်အပြင် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တို့ကိုလည်း လာရောက်လေ့လာ ကြသောကြောင့် ချင်းပြည်နယ်တွင် နိုင်ငံခြားသားများ အထူးစိတ်ဝင်စားရာ နေရာတစ်ခုအဖြစ် တွေ့မြင်ရလျက်ရှိသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ ခရီးသွားဧည့်သည် မပြတ်ဝင်ရောက် လျက်ရှိရာ သဘာဝပတ်ဝန်းကျင်ကို ဆက်လက်ထိန်းသိမ်းခြင်းဖြင့် တောတောင်နှင့်သဘာဝပတ်ဝန်းကျင် စိမ်းလန်း၍ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများရရှိလျက် ခရီးသွားလုပ်ငန်းမှ ပြည်ပဝင်ငွေကို တိုးမြှင့်ရရှိစေမည် ဖြစ်သည်။ ဇီဝမျိုးစုံမျိုးကွဲများထဲမှ ရှားပါးသောမျိုးစိတ်ဖြစ်သည့် မျက်ခုံးမွေး ဖြူငှက်ပြာခြောက်သည် ကမ္ဘာပေါ်တွင် မည်သည့်ဒေသမှမရှိဘဲ မြန်မာနိုင်ငံ နတ်မတောင်ရှိ အမျိုးသားဥယျာဉ်၌သာ တွေ့မြင်ရသော ဒေသမျိုးစိတ်သည် နိုင်ငံတကာမှ ငှက်ဝါသနာရှင်တို့အတွက် ဆွဲဆောင်မှုပေး နိုင်သော ငှက်မျိုးစိတ်လည်း ဖြစ်သည်။ လွန်ခဲ့သော၁၅ နှစ်ကျော်က ရှပါး တိရစ္ဆာန်များဖြစ်သော ကျား၊ ကျားသစ်၊ အင်းကျား၊ သစ်ကြောင်များ ရှိခဲ့ပြီး တောဆိတ်၊ တောင်ဆိတ်၊ မျောက်လွှဲကျော်ဖြူ စသည့် ရှားပါးမျိုးစိတ်များ ဤဒေသတွင် ကျန်ရှိနေသောကြောင့် အာဆီယံအမျိုးသားဥယျာဉ် ဟုခေါ် တွင်ခဲ့ခြင်း ဖြစ်သည်။

ဒေသသစ်ခွမျိုးစိတ်များ ရှင်သန်

ရုက္ခဗေဒနှင့် ပတ်သက်၍ တောင်ဇလပ်အဖြူ၊ အဝါသည် ဒေသရင်းမျိုး စိတ်တစ်ခုအဖြစ် တည်ရှိနေပြီး ကျန်ထူးခြားသော မျိုးစိတ်များကို ဂျပန်နိုင်ငံ MBK ရုက္ခဗေဒဥယျာဉ်မှ ကွင်းဆင်းလေ့လာခဲ့ရာ အဖိုးတန်ဆေးဖက်ဝင် အပင်များကို အမျိုးသားဥယျာဉ်အတွင်း တွေ့ရှိရလျက်ရှိကြောင်း မှတ်တမ်းတင်ခဲ့ | သည်။ မြန်မာ့ဂျင်ဆင်းဆိုလျှင် ကိုရီးယားဂျင်ဆင်းကဲ့သို့ အဆင့် ၄ တွင် တည်ရှိ နေသောမျိုးစိတ်ကို ဤဒေသတွင် တွေ့ရှိရသောကြောင့် မြန်မာ့တိုင်းရင်းဆေးနှင့် သုတေသနအတွက် ဝမ်းမြောက်ဖွယ်ပင် ဖြစ်သည်။ ၂၀၁၁ ခုနှစ်မှစ၍ ဂျပန်နိုင်ငံမှ ဒုတိယအကြိမ်အဖြစ် အပင်နှင့်ပတ်သက်၍ ဆက်လက်လေ့လာ ခဲ့ရာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြီးဆုံးခဲ့သည်။ ထိုအဖွဲ့၏ လေ့လာ မှုမှတ်တမ်းအရ နတ်မတောင်အမျိုးသားဥယျာဉ်တွင် အပင်မျိုးစိတ်ပေါင်းထောင်ကျော်ကို စာရင်းကောက်ယူ မှတ်တမ်း တင်ခဲ့ပြီး မျိုးစိတ်ပေါင်း ၂၅၀၀ ကျော်မှာ ဤဒေသတွင် ဆက်လက်ကျန်ရှိနေသည်ဟု ခန့်မှန်းထားကြသည်။ ဤဒေသတွင်ဆေးဖက်ဝင်သစ်ခွခုနစ်မျိုးရှိပြီး ဒန်တိုဘီယန်သစ်ခွတစ်မျိုးတည်း ပင် မျိုးစိတ်ပေါင်း ၁၀ မျိုးကျော်ရှိရာ အဆိုပါ မျိုးစိတ်များအားလုံးမှာ ဆေးဖက်ဝင်သစ်ခွများဖြစ်ကြသည်။ နီလုံး၊ ရိုးကြမ်း၊ ပုစွန်သစ်ခွ၊ ပန်မျက်ခွက်၊ ကြွက်မြီး စသောဆေးဖက်ဝင်သစ်ခွများသည် ဒန်တိုဘီယန် မျိုးစိတ်ခွဲများဖြစ်သောကြောင့် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့က အားဆေးအဖြစ် အများဆုံး ဝယ်ယူခြင်း ဖြစ်သည်။ ရှားပါးသစ်ခွတွင် ချင်းသစ်ခွအနီသည် ရှားပါးဒေသ မျိုးစိတ်ဖြစ်သောကြောင့် Orchid Tour များ စိတ်ဝင်စားမှုအများဆုံးသစ်ခွ အဖြစ် ယနေ့တိုင် အသိအမှတ်ပြုထားပြီး နိုင်ငံခြားမှ လာရောက်သော သစ်ခွ လေ့လာသူများတွင် ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံမှ အများဆုံးလာရောက် လေ့လာလျက်ရှိသည်။

သစ်ခွမျိုးစိတ် ရေရှည်ထိန်းသိမ်းခြင်းနှင့် မျိုးပွားစိုက်ပျိုးနည်းတို့ကို ဒေသခံများ စီးပွားရေး အခွင့်အလမ်းများအဖြစ် ရရှိနိုင်ရန် အမျိုးသားဥယျာဉ်ရုံး ဝင်းအတွင်းရှိ သစ်ခွဥယျာဉ်မှ Learning Center အဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။ အမြင့်ပေ၇၀၀၀ တွင် ပေါက်ရောက်သော နတ်ဆေးဂမုန်းပင် မှာလည်း ဂမုန်းမျိုးစိတ်များထဲတွင် နာမည်ကြီးသောဆေးဖက်ဝင် ဂမုန်းမျိုးစိတ်တစ်မျိုး ဖြစ်သည်။ ဒေသခံတို့သည် ဝမ်းစာအတွက် သဘာဝပတ်ဝန်းကျင်အပေါ်တွင် မှီခိုနေရသောကြောင့် သဘာဝ သစ်တောထိန်းသိမ်းရေးနှင့် သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာများ ပိုမိုကြွယ်ဝ လာစေရန် လူထုအသိပညာ ပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်သည်။ နတ်မတောင် အမျိုးသားဥယျာဉ်သည် အာဆီယံ၏အမွေအနှစ်ဒေသဖြစ်သောကြောင့် အိမ်ရှင်နိုင်ငံ သာမက အာဆီယံနိုင်ငံများကပါ ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်ကြောင်း သိရသည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့အရ သဘာဝတောတောင်များအပေါ်တွင် မှီခိုနေထိုင်ကြသည့် ဒေသခံတို့အတွက် စီးပွားရေး အခွင့်အလမ်းများ ရရှိနိုင်သော နည်းလမ်းများကို ဖော်ဆောင်နိုင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်း၍ ဇီဝနှင့် ရုက္ခမျိုးစိတ်များ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။ ချင်းပြည်နယ်၏ တောတောင်များကြား၌ အမြင့်ဆုံးတောင်ဖြစ်သောကြောင့် “တောင်ကျွန်း”ဟု သတ်မှတ်ထားပြီး အပင်မျိုးစိတ်ကြွယ်ဝမှုနှင့် သဘာဝသစ်တော အစဉ်စိမ်းလန်းစိုပြည်နေသောကြောင့် သဘာဝသစ်တောကို မထိခိုက်စေရန်၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံခြားသား ခရီးသွားများ အကြံပြုလေ့ရှိသည်။

ကန်ပက်လက်မြို့အတွင်းရှိ စံပြရွာလေးရွာကို ဇီဝဥယျာဉ်စိုက်ပျိုးသော ရွာအဖြစ် ရွေးချယ်သတ်မှတ်၍ ကော်ဖီ၊ လက်ဖက်၊ ၀ဥ၊ ထောပတ် စသည့် မျိုးစေ့များကို သစ်တောဦးစီးဌာနမှ ပံ့ပိုးပေးလျက်ရှိပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုး နိုင်ရန် သုံးနှစ်စီမံကိန်းအဖြစ် ပညာပေးဆောင်ရွက်ခဲ့သည်။ စီးပွားဖြစ်သီးနှံ ရောနှောနှာသစ်တော စိုက်ခင်းစိုက်ပျိုးနည်းဖြင့် အလေ့အကျင့်ကောင်းများ ရရှိ ၍ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်မှုကြောင့် သစ်တောပြုန်းတီးမှုကို ကာကွယ် နိုင်သောနည်းစနစ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။ အုတ်ဖိုရွာ၊ မကျောက်အားရွာ၊ ရဲလောင်းပန်းရွာနှင့် ဆော်လောင်းကျေးရွာတို့မှ ဒေသခံတို့ကို မျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးမှုနည်းစနစ်များကို ပညာပေးဆောင်ရွက်ခြင်းနှင့် သစ်တောဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခြင်းတို့ဖြင့် နတ်မတောင် အမျိုးသားဥယျာဉ် ရေရှည်တည်တံ့နိုင်ရန် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုဒေသ၏ရာသီဥတုနှင့် ကိုက်ညီသော လက်ဖက်၊ ဝဥတို့ကို ဒေသခံအချို့ ပိုမိုစိုက်ပျိုးလာကြပြီး စီးပွားဖြစ် သီးနှံဖြစ်သောကြောင့် ဒေသတစ်ဝန်း တစိုက်မတ်မတ် စိုက်ပျိုးထုတ်လုပ်နိုင်ပါက ဒေသဖွံ့ ဖြိုးဝင်ငွေတိုးစေမည်ဖြစ် သည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောကြောင့် ပြည်ပခရီးသွား ဝင်ရောက်မှုနှင့် စိုက်ပျိုးရေးထွက်ကုန် အောင်မြင်မှုကြောင့် ဒုတိယပြင်ဦးလွင်အဖြစ် ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ နတ်မတောင်အမျိုးသားဥယျာဉ်သို့ လာရောက် လေ့လာကြသော ပြည်ပခရီးသွားတို့သည် တောရိုင်းတိရစ္ဆာန်များကို ကြည့်ရှုလေ့လာသူများ ပါဝင်သောကြောင့် ဥယျာဉ် အတွင်းရှိနို့တိုက်သတ္တဝါ၊ ကုန်းနေ၊ ရေနေသတ္တဝါ၊ငှက်မျိုးစိတ်၊ လိပ်ပြာမျိုးစိတ်၊ အခွံမာပိုးကောင် မျိုးစိတ်နှင့် ရှားပါးမျိုးစိတ်တို့ကို ခြံလှောင်ဥယျာဉ်စနစ်ဖြင့် မွေးမြူပြသနိုင်လျှင် ပြည်တွင်း ပြည်ပဝင်ငွေပိုမိုရရှိ၍ ဒေသဖွံ့ဖြိုးဝင်ငွေတိုး စေမည်ဟု ဒေသခံတို့က သုံးသပ်လျက်ရှိသည်။

မိုးထိတောင်အနီးက ဘုံတလာရေတံခွန်

မိုးထိတောင်အနီးရှိ ဘုံတလာရေတံခွန်သည် နွေရာသီအပန်းဖြေသူတို့ဖြင့် စည်ကားလေ့ရှိပြီး ချင်းပုတ်သင်ညို၊ မြေကပ်ပန်းနှင့် ပိုတင်တီလာမျိုးစိတ်တို့သည် ကမ္ဘာလှည့်ခရီးသွားများနှင့်ဇီဝ၊ ရုက္ခပညာရှင်များကို ဆွဲဆောင်လျက် ရှိသည်။ နတ်မတောင်နယ်မြေတွင် သဘာဝအနေအထားများ ထိခိုက်မှုမရှိသေးသော တောင်ပေါ်ဂေဟစနစ် များနှင့် သဘာဝရှုခင်းများသည်သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းဆိုင်ရာအတွက် ဆွဲဆောင်မှု တစ်ခုလည်း ဖြစ် သည်။ တောင်ပေါ်အမြဲစိမ်းသစ်တော၊ တောင်ပေါ်ထင်းရှူးတော၊ တောင်ပေါ် မြက်ခင်းတောနှင့် ဝက်သစ်ချမျိုးနွယ်များ၊ သစ်အယ်သားများ၊ မိုင်းဘော၊ တောင်ဇလပ်၊ မျောက်ညို၊ သစ်ကြံပိုး၊ ကရဝေး၊ ဘုံမဲဇာ၊ သဖန်း၊ ကတွတ်၊ ကျောက်ထင်းရှူး၊ ချယ်ရီ၊ တောင်ပိန္နဲ၊ ထောက်ကြံ့ စသည့်အပြင် ဆေးဖက်ဝင် သစ်ခွနှင့် ဂမုန်းမျိုးစိတ်များပေါက်ရောက် ရှင်သန်လျက်ရှိသည်။ နို့တိုက် သတ္တဝါမျိုးစိတ်မှ လိပ်ပြာမျိုးစိတ်အထိ မျိုးစိတ်ပေါင်း ၅၅၂ မျိုးကို ကွင်းဆင်း လေ့လာမှတ်တမ်းတင်ထားပြီး ဖြစ်သည်။

နတ်မတောင်(ဝိတိုရိယတောင်)သည် ချင်းပြည်နယ်တောင်ပိုင်း တောင်စဉ် တောင်တန်းများကြားတွင် တည်ရှိပြီး မြစ်သာမြစ်၊ လယ်မြစ်၊ မုန်းချောင်း၊ မောချောင်း၊ ယောချောင်းတို့သည် အဓိကရေဝေကြာ ဒေသကြီးဖြစ်သည့်အပြင် အရှေ့တောင်အာရှတွင် မြေသားဖုံးလွှမ်းသော အမြင့်ဆုံးတောင်အဖြစ် ထူးခြားစွာ တည်ရှိလျက်ရှိသည်။

အာဆီယံအမွေအနှစ်ဖြစ်သော နတ်မတောင်အမျိုးသားဥယျာဉ်သည် သဘာဝနယ်မြေများ စာရင်း၂၁ ခုတွင် တစ်ခုအပါအဝင်ဖြစ်သောကြောင့် သဘာဝကို အခြေခံသောခရီးသွားဒေသ(Eco-Tourism Site ) အဖြစ် ပိုမို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မှုဖြင့် ဒေသတွင်း လူမှုစီးပွားများတိုးတက်၍ နိုင်ငံအတွက် နှစ်စဉ်နိုင်ငံခြားဝင်ငွေရရှိကာ အာဆီယံအမွေအနှစ်ဖြစ်သော နတ်မတောင် အမျိုးသားဥယျာဉ် (ဝိတိုရိယတောင်)ကြီးသည် နိုင်ငံအတွက် ဂုဏ်တင့်လျက် ရှိနေပါကြောင်း။ ။

မောင်သင်းပျံ့

(သောကြာ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၁ မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြပါသည်။)