ကန်ပက်လက်မြို့၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

Listing Description

ကန်ပက်လက် နိုဝင်ဘာ ၈

ချင်းပြည်နယ် မင်းတပ်ခရိုင် ကန်ပက်လက်မြို့ မြို့မ(၁)နှင့် မြို့မ(၂) ရပ်ကွက်ရှိ မဲရုံ ၆ ရုံ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့ ညနေ ၄ နာရီတွင် ပိတ်သိမ်းသည်။

အဆိုပါရွေးကောက်ပွဲ၌ ပါတီ ၅ ပါတီနှင့် တစ်သီးပုဂ္ဂလပါတီ တစ်ပါတီ ပါဝင်ကြရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း လေးဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း လေးဦး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ်လောင်း လေးဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း လေးဦး၊ ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း သုံးဦး၊ တစ်သီးပုဂ္ဂလပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

ကန်ပက်လက်မြို့နယ်တွင် ဆန္ဒမဲပေးနိုင်သည့် မဲရုံစုစုပေါင်း ၈၀ ရှိပြီး မဲဆန္ဒရှင်ပေါင်း ၁၄၇၁၂ ဦးရှိကာ ဆန္ဒမဲပေးသူ ၁၀၅၉၃ ဦးရှိသဖြင့် တစ်မြို့နယ်လုံး ၇၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ စာရင်းအရ သိရပြီး ယနေ့ ညနေ ၄ နာရီ မဲရုံပိတ်သိမ်းချိန်အထိ မဲဆန္ဒရှင် ပြည်သူများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲ ပေးကြကာ မဲရုံပေါင်း ၈၀ ကို ပိတ်သိမ်းနိုင်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ၏ ထုတ်ပြန်ချက်အရ သိရသည်။

သန်းမောင်(ပြန်/ဆက်)