နတ်မတောင် အမျိုးသားဥယျာဉ်

Listing Description

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့နယ်များ အတွင်းတွင် တည်ရှိသည်။ နတ်မတောင်ကို ဝိတိုရိယတောင်ဟုလည်း လူသိများပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၀,၅၀၀ ကျော်မြင့်သည်။ ၁၉၉၇ ခုနှစ်တွင် အဆိုပြု အမျိုးသားဥယျာဉ်အဖြစ်ထည့်သွင်းခဲ့ပြီး Important Bird Area (IBA) အဖြစ် ၂၀၀၄ ခုနှစ်တွင် ထည့်သွင်းခဲ့ကာ ၂၀၁၀ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ အကျယ်အဝန်း စတုရန်းကီလိုမီတာ ၇၁၃.၅၄ ကျယ်ဝန်းသည်။ သစ်တောအမျိုးအစားများမှာ အမြဲစိမ်းတော၊ ရွက်ကြွေတော၊ ထင်းရှူးတော၊ laurel and stone oak forest၊ ဝက်သစ်ချတောများ၊ ဝက်သစ်ချနှင့်တောင်ဇလပ်တောများ ဖြစ်ကြသည်။ သစ်ပင်မျိုးစိတ်ပေါင်း ၈၀၈ ကျော်ရှိပြီး ကုန်းနေရေနေ သတ္တဝါ ၂၃ မျိုး၊ တွားသွားသတ္တဝါ ၆၅ မျိုး၊ လိပ်ပြာ ၇၇ မျိုးရှိသည်ဟု စာရင်းဇယားများအရ သိရသည်။ ရှားပါးတိရစ္ဆာန်များဖြစ်သော ကျားသစ်၊ အင်းကျား၊ ဝက်ဝံ၊ တောဆိတ်၊ ချေ၊ တောဝက်၊ သင်းခွေချပ်၊ တောကြောင်၊ မျောက်လွဲကျော်များ စသည့် နို့တိုက်သတ္တဝါမျိုးစုံ ကျက်စားပြီး ပင်လယ်မျက်နှာပြင်ထက် အမြင့်ပေ ၈,၀၀၀ ကျော်တွင် သာတွေ့နိုင်သည့် မြန်မာ့ဒေသရင်း ငှက် မျက်ခုံးဖြူငှက်ပြာခြောက် (White Browed Nuthatch)ကို တွေ့ရှိနိုင်သည့် တစ်ခုတည်းသောနေရာလည်းဖြစ်သည်။ နတ်မတောင်တွင် ငှက်မျိုးစိတ်ပေါင်း ၂၈၉ မျိုးနေထိုင် စားသောက်ကြကြောင်း သိရသည်။ သဘာဝအခြေခံခရီးသွားလုပ်ငန်းခွင်ထဲတွင် ပါဝင်ပြီး နှစ်စဉ် ခရီးသွားရာဂဏန်းကျော် လာရောက်လည်ပတ်လေ့ရှိသည်။ တည်းခိုရန်နေရာ သုံးနေရာရှိပြီး ဒေသခံချင်းလူမျိုးများနှင့် တွေ့ဆုံနိုင်ပြီး တောင်တက်ခြင်း၊ ငှက်ကြည့်ခြင်းများပြုလုပ်နိုင်သည်။

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ

- သဘာဝတောင်ပေါ်ဒေသရှုခင်းများ လေ့လာခံစား အပန်းဖြေ နိုင်ခြင်း၊

- မြန်မာနိုင်ငံ၌ တတိယအမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ပေပေါင်း ၁၀၀၁၈ ပေ မြင့်သော ဝိတိုရိယ တောင်ပေါ်သို့ ကန်ပက်လက်မြို့ဟောင်းမှ ၁၅ မိုင်ရှည် ခရီးကို ခြေလျင် တောင်တက် လေ့လာနိုင်ခြင်း၊

- မြန်မာနိုင်ငံအတွင်း တွေ့ရှိနိုင်သော ကုန်းတွင်းဌာနေငှက်မျိုး ၅ မျိုး အပါအဝင်ငှက်မျိုးပေါင်း ၁၅၉ မျိုးကျော် လေ့လာတွေ့ရှိ နိုင်ခြင်း၊

- အလွန်ရှားပါးသော ဇာမဏီ ငှက် ကဲ့သို့သော ငှက်အမျိုးအစားများ တွေ့ရှိနိုင်ခြင်း၊

- သဘာဝတောများ အတွင်း စုံလင်ပေါများ စွာပေါက်ရောက် နေသော မြန်မာ့ သစ်ခွမျိုးများကို အခြေခံ၍ (Orchid Tour) အဖြစ် စီစဉ် ဆောင်ရွက်လေ့လာနိုင်ခြင်း၊

- ဒေသခံချင်းလူမျိုးများ ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လူနေမှုစနစ်များ လေ့လာနိုင်ခြင်း၊

- သဘာဝသစ်တောအမျိုးအစားနှင့် သစ်တောသစ်ပင်များကို ကွင်းဆင်းလေ့လာ နိုင်ခြင်း၊

- တောင်ဇလပ်နီကဲ့သို့သော အပင်များလေ့လာနိုင်ခြင်း။

(အသေးစိတ်ဆက်လက်ဖတ်ရှုရန် ဤနေရာကိုနှိပ်ပါ)