ခမောက်တောင်စေတီ

Listing Description

ခမောက်တောင်စေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အနောက်ဘက် လေးမိုင်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် ၁၂၂၁ ပေအမြင့်ရှိသော ခမောက်တောင်ပေါ်တွင် တည်ရှိပါသည်။ ခမောက်တောင်ဆိုသည်မှာ ရှေးယခင်က ရှမ်းဘာသာဖြင့် လွယ် (လွိုင်) မောက်တောင်ဟုခေါ်ဆိုကြပါသည်။ "လွယ်" (လွိုင်) = "တောင်"၊ "မောက်" = "ပန်း" ဟူ၍ အဓိပ္ပာယ်ရပြီး "ပန်းစုံပေါသည့်တောင်"ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ တောင်တော်၏ ပုံသဏ္ဌာန်မှာလည်း ခမောက်ပုံသဏ္ဌာန်ဖြစ်နေသဖြင့် ခမောက်တောင်ဟုလည်း ခေါ်တွင်ကြသည်ဟု သိရပါသည်။  ခမောက်တောင်၊ သံခမောက်တောင်၊ လွယ်မောက်တောင်၊ ဦးစီတောင်၊ မြူခိုးရစ်မှောင်နဂါးရစ်တောင် စသည်ဖြင့် ငါးမည်ရတောင်တော်ဖြစ်ပါသည်။ ရှေးအခါက ယင်းခမောက်တောင်ပေါ်တွင် ဘုရားငုတ်တိုတစ်ဆူသာတည်ရှိပြီး ထိုဘုရားငုတ်တိုအတွင်းမှ ဉာဏ်တော် ၁၈ လက်မခန့်ရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူတွေ့ရှိသဖြင့် ပန်းတင်ရွာမှ ဦးကောက်နှင့်ဦးချိူ တို့ဦးဆောင်၍ ဉာဏ်တော်အမြင့်၉တောင်ရှိစေတီတစ်ဆူကို မူလဘုရားငုတ်တိုနှင့် ရုပ်ပွားတော်အားငုံ၍ ဦးစွာ ပထမတည်ထားခဲ့ကြပါသည်။ မြတ်စွာဘုရားရှင် ညီတော်အာနန္ဒာနှင့်တကွ နောက်ပါရဟန်းငါးရာခြံရံကာ ဒေသစာရီကြွချီလာရာ ထိုခမောက်တောင်ပေါ်သို့ရောက်ရှိစဉ် "သာသနာတော်နှစ် ၂၅၀၀ ကျော်၌ ဤနေရာတွင် မြူခိုးရစ်မှောင် နဂါးရစ်တောင်ဟု အမည်တွင်ကာ သာသနာတော်ပွင့်လင်းမည်" ဟုဗျာဒိတ်တော်ပေးခဲ့သည်ဟုလည်း သိရပါသည်။ ခမောက်တောင်သည် ယခင်က ခရီးလမ်းကြမ်းတမ်းကာ လူသူအရောက်နည်းသော်လည်း ယခုအခါ တောင်ပေါ်တွင် စေတီတော်များ၊ ရုပ်ပွားတော်များ၊ သာသနာ အဆောက်အအုံများ၊ ဘုရားဝတ်ပြုသူများ၊ တရားအားထုတ်သူများ၊ အဓိဋ္ဌာန် ပုတီးစိတ်သူများ၊ ဘုရားဖူးလာ ဧည့်သည်များနဲ့ စည်ကားလျက်ရှိပါသည်။