စိုင်းဒင်ရေတံခွန်

Listing Description

စိုင်းဒင်ရေတံခွန်သည် ဘူးသီးတောင်မြို့နယ်၊ မေယုမြစ်ထဲသို့ စီးဆင်းသည့် စိုင်းဒင်ချောင်း၏ အထက်ဘက်တွင် တည်ရှိသည်။ စစ်တွေမြို့၏မြောက်ဘက် မိုင် ၅၀ အကွာနှင့်ဘူးသီးတောင်မြို့၏ အရှေ့မြောက်ဘက် မိုင် ၃၀ အကွာအဝေး၌ တည်ရှိနေသည်။ အလွန်သာယာလှပပြီး ရခိုင်ကမ်းမြောင်ဒေသ၌ အကြီးမားဆုံးနှင့် အမြင့်ဆုံးရေတံခွန်ဖြစ်သည်။ ရေတံခွန်သည် အဆင့် ၇ ဆင့်ရှိကာ ပေ ၇၀ ခန့်မြင့်ပြီး အကျယ်ပေ ၇၀ဝ ခန့်ရှိသည်။ ပေ ၅၀ဝ ကျော်မြင့်သော တောင်တန်းကြီးနှစ်ခုအကြား ကျောက်လွှာပြတ်မှ ရေလုံးကျဆင်းခြင်းဖြစ်သည်။ ရေဖမ်းနယ်မှာ အလျားမိုင် ၃၀ ၊ အနံ ၁၅ မိုင်မျှ ကျယ်ဝန်းပြီး မြောက်ဘက်ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ရှည်လျားသည်။ ပွင့်လင်းရာသီချိန်၌ စိုင်းဒင်ရေတံခွန်သို့ အပျော်ခရီးထွက်ကြသူများက ဝါးဖောင်များစီး၍ ကျယ်ပြန့်သော ရေပြင်ရှိသည့် အဆင့်များသို့တက်၍ ရေကစားကြသည်။ ရေတံခွန်အနီးတစ်ဝိုက်တွင် သဘာဝ၀ါးတောများရှိနေ၍ ဘူးသီးတောင်မြို့၏ မျှစ် အထွက်ဆုံးသော နေရာတစ်ခုလည်းဖြစ်နေသည်။ စိုင်းဒင်ဒေသသည် သဘာဝအလှတရားများနှင့် ပြည့်စုံနေပြီး ကျောက်ဆောင်ကျောက်တုံးများနှင့် အလှဆင်ကာ ဆေးဖက်ဝင်အပင်မျိုးစုံလည်း ပေါက်ရောက်နေသည်။