၃၁ ဘုံစေတီတော်

Listing Description

ဘူးသီးတောင်မြို့ အရှေ့တောင်ဘက် ၁၃ မိုင်အကွာ စံဂိုးထောင်ကျေးရွာတွင် တည်ရှိသည်။ ရှေးခေတ်ရခိုင်ဘုရင်များ တည်ထားခဲ့သည့် စေတီပုထိုးများနောက်ပိုင်း ရခိုင်ပြည်တွင် တည်ထားခဲ့သော အကြီးမားဆုံး စေတီတော် တစ်ဆူဖြစ်သည်။ စေတီတော်အား ဘုရားဒကာကြီး ဦးကျော်ခိုင်နှင့် ဇနီး ဒေါ်လှဝန်းတို့က ကောဇာသက္ကရာဇ် ၁၂၆၄ ခုနှစ် နတ်တော် လဆန်း ၅ ရက်နေ့တွင် အုတ်မြစ်ချ တည်ထားခဲ့ရာ ကောဇာသက္ကရာဇ် ၁၂၆၈ ခုနှစ် နတ်တော် လပြည့်နေ့တွင် ထီးတော်တင်နိုင်ခဲ့ပြီး ထိုခေတ်ကာလငွေ ၄၈၅၅၆၀ ကျပ် ကုန်ကျခဲ့သည်။ အပါယ်ဘုံ ၄ ပါး၊ လူ့ပြည် ၁ ဘုံ၊ နတ်ပြည် ၆ ထပ်၊ ဗြဟ္မာဘုံ ၂၀၊ ပေါင်း ၃၁ ဘုံကို ရည်ရွယ်ပြီး တည်ထားခဲ့ခြင်း ဖြစ်သည်။ စေတီတော်တွင် ဇာတ်တော်ကြီးဆယ်ဘွဲ့နှင့် ငါးရာ့ငါးဆယ် နိပါတ်တော်များကို ထွင်းထုပူဇော်ထားပြီး ဒီပင်္ကရာမြတ်စွာဘုရား ရဟန္တာငါးရာနှင့် ရမ္မာဝတီမြို့သို့ ဆွမ်းခံကြွစဉ် ဂေါတမဘုရားလောင်းလျာ သုမေဓာရသေ့ ဗျာဒိတ်ခံယူနေပုံ ရုပ်သွင်ရုပ်တုများနှင့် အရံစေတီပုထိုးပေါင်း ၁၀၀ ဝန်းရံထားပါသည်။ စေတီကြီးတွင် ဂူပေါက် ၇၀၀ ပါရှိပြီး ဂူတစ်ပေါက်တွင် ကျောက်ချပ်ရေ ၃ ချပ်ဖြင့် ကျောက်စာချပ်ပေါင်း ၂၁၀၀ ချပ်တွင် ပိဋကတ်သုံးပုံစာများ အပြည့်အစုံကို ရေးထိုးထားသည်။