ကျိုက်ဓနုတ်စေတီ

Listing Description

ကျိုက်ဓနုတ်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဓနုတ်စံပြကျေးရွာတွင် တည်ရှိသည်။ ဓနုတ်ဆုတောင်းပြည့်စေတီတော်ကြီးကို သာသနာ သက္ကရာဇ် (၂၄ဝ) ပြည့်နှစ်တွင် ဂေါတမ မြတ်စွာဘုရား ၏ ဆံတော် (၂) ဆူ ၊ဓာတ်တော် (၂၄) ဆူ တို့ကို ဌာပနာထားကာ သထုံမင်း စူဋ္ဌသီရိမာသောက ၏ အထောက်အပံ့ ဖြင့် ရဟန်းတော် အရှင်ဇာတကလေးသည် ရွာတွင် တိုက်စေတီ တည်ထားသောကြောင့် ဒုနဂ္ဂဟစေတီဟု ဘွဲ့တော်ပေးခဲ့ဖြစ်ကြောင်း၊ နောင်အခါ တိုက်စေတီ မှ သင်တိုင်းစေတီပုံ သို့ ပြင်ဆင်ခဲ့ပြီး ဓနုတ်စေတီ ဟု ဘွဲ့တော် အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း စေတီတော်၏ ရာဇဝင်များအရသိရသည်။  ကျိုက်ဓနုတ်စေတီတော်ကြီးကို သမိုင်းတွင် ထင်ရှားသော မွန်ဘုရင်မကြီး ရှင်စောပု၊ ဓမ္မစေတီမင်း၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ သာလွန်မင်းတရားကြီး၊ အင်းဝဘုရင်မင်းကျော်ထင်၊ အင်းဝဘုရင် စနေမင်း၊ ဗဒုံမင်း စသည့် ဘုရင်များ ခေတ်အဆက်ဆက် ကုသိုလ်ပြုပါဝင်ခဲ့ကြပါသည်။ အင်္ဂလိပ်အစိုးရအုပ်ချုပ်ချိန် ၁၂၅၁ ခုနှစ်တွင် ငလျင်လှုပ်ပြီး ခေါင်းလောင်းပုံအထိပြိုကျခဲ့ရာ ဒလဖက်ကမ်း ကမာကဆစ်ရွာ ဆန်စက်သူဌေး ဦးကြည်မှ ၁၂၅၂ ခုနှစ်တွင် စေတီငုတ်တိုပေါ်တွင် ကိုးတောင်ပြည့်စေတီတည်ခဲ့သည်။ ဦးကြည်၏သား ဦးဘိုးခင်မှ ၁၂၇၇ ခုနှစ် တွင်ဉာဏ်တော် ၁၂၄ တောင်အမြင့် ရန်ကုန် ဆူးလေစေတီပုံတည်ထားပြီး ၁၂၇၉ ခုနှစ်တွင် အလှူရှင်များနှင့်အတူ ထီးတော်တင်လှူခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၃၆၈ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် (ခရစ်နှစ် ၂၀ဝ၆ ခုနှစ် ဇွန် ၂၇ ရက်)အင်္ဂါနေ့၊ နံနက် ၃ နာရီ ၁၅ မိနစ် အချိန် အင်္ဂါထောင့် (အရှေ့တောင်ထောင့်)မှ ဓနုတ်စေတီတော်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်နှင့်တကွ စေတီတော်ကြီး ထက်ခြမ်းကွဲ၍ မြေသို့ပြိုကျခဲ့သည်။ စေတီတော်ကြီး လုံးဝပျက်စီးသွား၍ မြေပုံကြီးအဖြစ်သာ ကျန်နေပါတော့သည်။ အများပြည်သူလှူဒါန်းမှုများဖြင့် ၂၀၀၉ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် စေတီတော်ကို အသစ်ပြန်လည်ပြုပြင်၍ ထီးတော်အသစ်တင်လှူခဲ့သည်။ ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့တွင် စိန်ဖူးတော်မှစ၍ ပြိုကျပျက်စီးပြန်ရာ ယခင်အတိုင်း မြေပုံကြီးအဖြစ်သာကျန်နေပါသည်။ ၂၀၁၁ ခုနှစ်တွင် ဉာဏ်တော်အမြင့် ၁၈၉ ပေရှိ ကျိုက်ဓနုတ်စေတီတော်ကြီးကို အများပြည်သူပါဝင်လှူဒါန်းမှုဖြင့် အသစ်တည်ဆောက်ခဲ့ရာ ယခုအချိန်အတွင် ကျိုက်ဓနုတ်စေတီတော်ကြီးမှာ ရှေးမူလက်ရာနှင့်မခြား တင့်တယ်သပ္ပာယ်စွာ တည်ရှိနေပါသည်။