ကော့သောင်းမြို့နယ်၌ လာရောက်မဲပေးသူ ၅၀၈၁၂ ဦးရှိပြီး မဲပေးမှုရာခိုင်နှုန်း ၄၅ ဒသမ ၁၃ ရာခိုင်နှုန်းရှိ

Listing Description

ကော့သောင်း နိုဝင်ဘာ ၉

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ယမန်နေ့နံနက် ၆ နာရီမှ စတင်ကျင်းပခဲ့ရာ ကော့သောင်းမြို့နယ်အတွင်းရှိ မဲရုံအသီးသီးသည် ညနေ ၄ နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြသည်။ ရွေးကောက်ပွဲ ရလဒ်ထုတ်ပြန်ကြေညာနိုင်ရေး မဲရုံအသီးသီး ဆန္ဒမဲများ ရေတွက်မှုကို ဆက်လက်ဆောင်ရွက်ခဲ့ကြရာ ယနေ့ နံနက် ပိုင်းအထိ ရလဒ်အဖြေများထုတ်ပြန်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် မှ သိရသည်။

မဲရုံများ ပိတ်သိမ်းပြီးနောက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများနှင့် အသိ သက်သေများရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆန္ဒမဲလက်မှတ်များ ရေတွက်ခဲ့ကြပြီး ယနေ့နံနက် ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ လုပ်ငန်းများပြီးစီးနေပြီ ဖြစ်သော်လည်း ခရီးလမ်းပန်းဆက်သွယ်မှုအလှမ်းဝေးရာ ပင်လယ်ကျေးရွာတချို့၏ မဲရုံများမှ မဲရေတွက်မှုနှင့်စာရင်း ပြုစုမှုလုပ်ငန်း ကျန်ရှိနေပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲရလဒ် အမြန်ဆုံးပေးပို့ထုတ်ပြန်နိုင် ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်စု ၂၇ အုပ်စု၊ မဲရုံပေါင်း ၇၅ ရုံ၊ နိုင်ငံရေးပါတီရှစ်ခုက သက်ဆိုင်ရာလွှတ်တော်နေရာအသီးသီးမှ ကိုယ်စားလှယ် လောင်း ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ၁၁၂၅၈၉ ဦး၊ ကြိုတင်မဲပေးသူဦးရေ ၁၃၀၀၀ ကျော်ခန့်နှင့် မဲရုံများသို့လာရောက်မဲပေးသူ ၅၀၈၁၂ ဦးရှိရာ လာရောက်မဲပေးမှုရာခိုင်နှုန်း ၄၅ ဒသမ ၁၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)