မြောက်တိုက်ကြီးဘုရားစေတီများ

Listing Description

မြောက်တိုက်ကြီးဘုရားစေတီများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ အနောက်မြောက်ဘက်၊ မြောက်တိုက်ကြီးသာသနာ့အလင်းရောင်ကျောင်းတိုက်အတွင်း တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများဖြစ်ပါသည်။ ဒုတိယပုဂံဟု တင်စားကြသော မြောက်တိုက်ကြီးဘုရားစေတီစုများတွင် ရှေးဟောင်း စေတီစုစုပေါင်း ၃၃ ဆူရှိပါသည်။ ဆားလင်းကြီးမြို့၏ မြောက်ဘက် တစ်မိုင်ခွဲခန့်တွင် ကြီးမားသော အုတ်ကျောင်းတော်ကြီးများရှိသည်ကို အစွဲပြု၍ မြောက်တိုက်ကြီးဟု ခေါ်တွင်ခဲ့ကြသည်ဟု သိရပါသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်းစိုးစံချိန် ၁၁၄၅ ခုနှစ် ဗန့်ကျီတိုက်သူကြီး ဦးရာမျိုး (ဦးထောင်ဗိုလ်၏ဘ)လက်ထက် မြောက်တိုက်ကြီးနှင့် ဝက်တောတိုက်တို့တွင် စေတီပုထိုးများ၊ အုတ်ကျောင်းတော်ကြီးများ၊ သံဃာတော်များဖြင့် မင်းနေပြည်တော်အလား ဘာသာသာသနာ ယဉ်ကျေးမှုတို့ စည်ပင်တိုးတက်နေသော အချိန်ဖြစ်ပြီး မြောက်တိုက်ကြီးနှင့် ဝက်တောတိုက်တို့သည် တစ်ချိန်တည်းထွန်းကားခဲ့ကြ၍ မည်သည့်ခုနှစ်က စတင်တည်ခဲ့ကြသည်ကို အထောက်အထားမတွေ့ရပါ။ မြောက်တိုက်ကြီးဘုရားစုတွင် ကြာခံဘုရား၊ ဆင်ခံဘုရား၊ ဆိတ်ခံဘုရား၊ ဆင်စီးမြင်းရံဘုရား စသည်ဖြင့် ဉာဏ်တော် ၁ ပေ မှ ၁၂ ပေခန့်အထိ မံဘုရားဆင်းတုတော်များ၊ သစ်သားဆင်းတုတော်များ၊ တောင်ဦးကျောက်နှင့် ထုလုပ်သည့်ဆင်းတုတော်များ၊ စကျင်ကျောက်ဆင်းတုတော်များ၊ အုတ်အင်္ဂတေနှင့်ထုလုပ်သည့်ဆင်းတုတော်များ၊ နံရံရေဆေးပန်းချီများ၊ အင်္ဂတေအပြောက်အမွှန်း အနုပညာလက်ရာမျိုးစုံတို့ကို တွေ့မြင်လေ့လာနိုင်ပါသည်။