ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင်

Listing Description

ရွှေဘတောင်သည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ပါဝင်ပြီး ဖိုလ်ဝင်တောင်၊ နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင် တို့နှင့် တောင်ကြောတစ်ဆက် တစ်စပ်တည်း တည်ရှိနေပါသည်။။ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာ ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက် ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘမှ ထိုကျောက်တောင်တွင် ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းဖြစ်ပါသည်။ ရွှေဘတောင်ရှိ ဘုရားများသည် ကျောက်များဖြင့်သာ ထွင်းထုထားပြီး ကျောက်သားနံရံများကို အင်္ဂတေ လုံးဝမပါပဲ လက်နှင့်ဆောက်ကိုသာအသုံး၍ မြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာ စစ်စစ်များဖြင့်သာ ထွင်းထုထားပါသည်။

ကျောက်လှေကား၊ ကျောက်နံရံရေအိုးစဉ်၊ ကျောက်လှိုဏ်ဂူ၊ လှိုဏ်ဂူအတွင်း ဘုရားစေတီများနှင့် ကျောက်ဆင်ရုပ်ကြီး တို့မှာ ထင်ရှားပါသည်။ ကျောက်ဆင်ရုပ်ကြီးမှာ ကျောက်တုံးတစ်တုံးတည်းကိုသာ ထွင်းထုထားခြင်းဖြစ်ပြီး ဆင်ကြီး၏အတွင်း ဂူထဲတွင်လည်း ဘုရားဆင်းတုတော်များ ပူဇော်ထားမှုကို ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။