ရွေးကောက်ပွဲရလဒ်များကို နိုဝင်ဘာ ၁၁ ရက်မှစ၍ နေ့စဉ် နံနက် ၉ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီနှင့် ည ၈ နာရီတို့တွင် ထုတ်ပြန်ကြေညာသွားမည်

11-Nov-2020

နေပြည်တော် နိုဝင်ဘာ ၁၀

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးမှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုဝင်ဘာ ၉ ရက်မှ စတင်ကာ ထုတ်ပြန်ပေးလျက်ရှိသည်။

လေးကြိမ်ထုတ်ပြန်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များ ဆက်လက်ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်တွေကို အမြန်ဆုံးထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အရင်က မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီအချိန် တွေမှာ သုံးကြိမ်ထုတ်ပြန်ပေးလျက်ရှိပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကလည်း ရွေးကောက်ပွဲရလဒ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ စဉ်ဆက်မပြတ် ပေးပို့လျက် ရှိပါတယ်။ ဒီရလဒ်တွေကို စိစစ်ပြီးတော့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ နောက်နေ့ထုတ် သတင်းစာ၊ UEC Website နဲ့ UEC Facebook Page တွေကနေ အချိန်နဲ့တစ်ပြေးညီ သတ်မှတ်ထားတဲ့အတိုင်း ထုတ်ပြန်ကြေညာပေးလျက်ရှိပါ တယ်။

“ဒီလိုဆောင်ရွက်ရာမှာ ပိုပြီးလျင်လျင်မြန်မြန်နဲ့ ပြည့်ပြည့်စုံစုံ ထုတ်ပြန်နိုင်ရေးအတွက် မနက်ဖြန် နိုဝင်ဘာ ၁၁ ရက်ကစပြီး နေ့စဉ် နံနက် ၉ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီနဲ့ ည ၈ နာရီအချိန်တွေမှာ လေးကြိမ် ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နံနက် ၉ နာရီအချိန်မမီလိုက်တဲ့အတွက် နံနက် ၁၀ နာရီ ကနေစပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နောက်နေ့တွေမှာ လည်း လေးကြိမ်ထုတ်ပြန်နိုင်အောင် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပြည်သူများ အမြန်ဆုံး သိရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောသည်။

တိကျမှန်ကန်ဖို့ အရေးကြီး

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက “ရွေးကောက်ပွဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့အခါမှာ တိကျဖို့၊ မှန်ကန်ဖို့က အရေးကြီးပါတယ်။ သက်ဆိုင်ရာမဲရုံတွေက ရလဒ်တွေကို မြို့နယ်တွေမှာ စုစည်းပါတယ်။ အမျိုးသားလွှတ်တော်နေရာ အတွက်ဆိုရင် ခရိုင်တွေမှာ စုစည်းရတာလည်း ရှိပါတယ်။ ပြီးတော့မှ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ စုစည်း စိစစ်ပြီးမှ ထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်တွေကို ထုတ်ပြန် ကြေညာပိုင်ခွင့်ရှိပါတယ်။ အလားတူ သူတို့ထုတ်ပြန်တာနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ပေးပို့ပါ တယ်။

မြန်မြန်ဆန်ဆန် ထုတ်ပြန်မည်

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ပေးပို့လာတဲ့ရလဒ်တွေကို မှန်ကန်မှု ရှိ၊ မရှိ စိစစ်ပါတယ်။ အားလုံးကတော့ ရလဒ်တွေကို မြန်မြန်ဆန်ဆန် သိချင် ကြမှာပဲဖြစ်တယ်။ ကျွန်တော်တို့ကလည်း မြန်မြန်ဆန်ဆန် ထုတ်ပြန်နိုင်အောင် ကြိုးစားလျက်ရှိပါတယ်။ ရွေးကောက်ပွဲက နိုဝင်ဘာလ ၈ ရက်နေ့မှာပြီးတယ်။ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး ထုတ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့မှာ ရလဒ်တွေကို စိစစ်ရတဲ့အပိုင်း၊ ပို့ရတဲ့အပိုင်းတွေကြောင့် ထုတ်ပြန်မှုဟာ အရေအတွက် နည်းကောင်းနည်းမှာပါ။ ဒါပေမယ့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး နောက်ရက်တွေမှာ အရေအတွက်များများ၊ မြန်မြန်နဲ့ မှန်မှန်ပြီးစီးအောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဟန်လင်းနိုင်၊ ကျော်ဟိန်း

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။