မြန်မာနယ်စပ်အနီး တရုတ်ဘက်က ဒုတိယအကြိမ် ခြံစည်းရိုးကာရံ

14-Jan-2021

ကချင်ပြည်နယ် လွယ်ဂျယ်ဘက်ခြမ်း နယ်စပ်မျဥ်းအနီးမှာ တရုတ်ဘက်က ခြံစည်းရိုးခတ်လာလို့ မြန်မာဘက်က ကန့်ကွက်စာ ပို့ထားပါတယ်။

နှစ်နိုင်ငံသဘောတူညီမှုမရှိဘဲ ခြံစည်းရိုးခတ်တာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ကျန်းဖုန်းမြို့အစိုးရအဖွဲ့ ဆီကို လွယ်ဂျယ်မြို့အုပ်ချုပ်ရေးမှူးက ကန့်ကွက်စာ ပေးပို့ထားတာပါ။

ပြီးခဲ့တဲ့ရက်အတွင်း လွယ်ဂျယ်မြို့ဘက်အခြမ်းနဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ လုံချွမ်ခရိုင် ကျန်းဖုန်းမြို့ဘက်အခြမ်းမှာ သံဆူးကြိုးကာရံပြီး ခြံစည်းရိုးခတ်တာကို ကျန်းဖုန်းမြို့အုပ်ချုပ်ရေးပိုင်းက လုပ်ခဲ့လို့ ကန့်ကွက်စာပို့ရတာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

အလားတူဖြစ်စဉ်မျိုး ပထမတစ်ကြိမ်ဖြစ်ခဲ့လို့ တားမြစ်ကန့်ကွက်ခဲ့ဖူးသလို အခုဒုတိယအကြိမ် ထပ်ဖြစ်လာလို့ ထပ်မံကန့်ကွက်ရတာလို့ ဆိုပါတယ်။

တရုတ်ဘက်က ကာရံနေတာဟာ နယ်စပ်မျဥ်းရဲ့ တရုတ်ဘက်ခြမ်း အတွင်းပိုင်းမှာ ကာရံနေတာဖြစ်ပေမဲ့ အဲဒီလို နယ်စပ်အနီးမှာ ခြံစည်းရိုးကာရံတာဟာ နှစ်နိုင်ငံ သဘောတူပြီးမှ လုပ်ရတာ ဖြစ်လို့ ကန့်ကွက်စာ ပေးပို့တာ ဖြစ်ပြီး အဲဒီအကြောင်းကို ပြည်ထောင်စု အစိုးရဆီကိုလည်း တင်ပြထားတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူး မှု စတာတွေကိုထိန်းချုပ်နိုင်ဖို့ ယာယီခြံစည်းရိုးခတ်ရတာလို့ ဆိုပါတယ်။

မိုင်ပေါင်း ၁၃၀၀ကျော် ထိစပ်နေတဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ ရှမ်းပြည်နယ် လောက်ကိုင်ခရိုင်၊ မူဆယ်ခရိုင်၊ ဟိုပန်ခရိုင်နဲ့ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် ကချင်ပြည်နယ် နယ်စပ်မျဉ်းအချို့ နေရာတွေမှာတိုင်တွေစိုက်ထူပြီး သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကာရံတာကို ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းလောက်စပြီး ဆောင် ရွက်နေတာလို့ဒေသခံတွေက ပြောကြပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ မြန်မာနဲ့နယ်နိမိတ်ထိစပ်နေတဲ့နေရာတွေမှာ ခြံစည်းရိုးခတ်တာတွေ လုပ်နေတဲ့အပေါ် မြန်မာ့နိုင်ငံရေးလေ့လာတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ISP MYANMAR က တရုတ်- မြန်မာဆက်ဆံရေးလေ့လာမှုဌာနတာဝန်ခံ မခင်ခင်ကျော်ကြီးက အခုလို သုံးသပ်ပါတယ်။

တရုတ်နယ်စပ် ခြံစည်းရိုးကာတာဟာ ကိုဗစ်ရောဂါ ကူးစက်မှုကြောင့်လို့ ဆိုပေမဲ့ တရုတ်ရဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေနဲ့ နယ်စပ်တွေမှာလည်း ကိုဗစ်ကာလ မတိုင်မီက ဒီလို ကာရံမှုတွေရှိတယ်၊ ဒါဟာ စီးပွားရေး၊နိုင်ငံရေး သြဇာကြီးထွားလာတဲ့ တရုတ်နိုင်ငံက သူတို့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်မယ်ဆိုတာကို တရုတ်နိုင်ငံသားတွေကို သိစေလိုတာ ဖြစ်မယ်လို့ သူက ပြောပါတယ်။

မြန်မာ-တရုတ် နယ်စပ်မျဉ်းနေရာအချို့မှာ ခြံစည်းရိုးကာရံတာနဲ့ပတ်သက်လို့ တရုတ်နိုင်ငံ ဘက်ကနေ မြန်မာနိုင်ငံဘက်ကို ကြိုတင်အကြောင်းကြားတာမရှိခဲ့ဘူးလို့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားပါတယ်။

ဒါ့ကြောင့် နောင်မှာ နယ်စပ်စည်းရိုးကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားတာမျိုးမဖြစ်ဖို့ အခုလအတွင်း ပြုလုပ်ဖို့ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ မြန်မာအစိုးရဘက်ကပြောထားပါတယ်။

BBC Burmese