၀န်းရံခဲ့သူတွေရဲ့ ထောက်ခံမဲ USDP ရခဲ့သလား

17-Nov-2020

ရွေးကောက်ပွဲအတွက် စီတန်းလှည့်လည် မဲဆွယ်စည်းရုံးချိန်က  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံဝန်းရံသူတွေ အများအပြား တွေ့ခဲ့ရပေမယ့် ရွေးကောက်ပွဲမှာတော့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် မြို့နယ်အသီးသီးမှာ ကားကြီး၊ ကားငယ်တွေနဲ့ စီတန်းလှည့်လည် မဲဆွယ်ချိန် ထောက်ခံဝန်းရံသူ ထောင်နဲ့ သောင်းနဲ့ချီ ပါဝင်ခဲ့သူတွေက USDP  ကို တကယ်မဲ မပေးခဲ့ကြလို့လားဆိုတဲ့ ဝေဖန်မှုတွေရှိသလို အခကြေးငွေရလို့ လိုက်ကြတာပါဆိုတဲ့ ဝေဖန်မှုတွေက အင်တာနက်လူမှုကွန်ရက်အတွင်း ပျံ့နှံ့နေပါတယ်။

USDP ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်တင်မြင့်ကတော့ ပိုက်ဆံပေးလို့ လိုက်ကြတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး အမျိုးချစ်တဲ့သူတွေသာ လိုက်ပါဝန်းရံကြတာလို့ ပြောပါတယ်။

"USDP ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်တင်မြင့်ကတော့ ပိုက်ဆံပေးလို့ လိုက်ကြတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး အမျိုးချစ်တဲ့သူတွေသာ လိုက်ပါဝန်းရံကြတာလို့ ပြောပါတယ်။ ပိုက်ဆံပေးလို့ လိုက်တာမဟုတ်ဘူး၊ တကယ်အမျိုးချစ်တဲ့ စစ်စစ်မှန်မှန်ကလိုက်ပါတယ်၊ ကျွန်တော်တို့ဘက်က ထွက်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ရွာတွေသွားတဲ့အခါမှာ ကျွန်တော့တစ်ယောက်တည်းအနေနဲ့ပေါ့နော် လိုက်ကြည့်တဲ့အခါမှာ ဘာတွေပြောကြလဲဆိုတော့ ကျွန်တော်တို့ဘက်က လူတွေကိုက ရွာမှာသိမ်သိမ်ငယ်ငယ် ကြောက်ကြောက်ဝံ့ဝံ့နဲ့ ကျွန်တော်တို့ကို လူအုပ်ကောင်းလို့သာ ဝန်းရံတာ ရွာမှာတကယ့်တကယ်က ကြောက်နေကြတာ၊ အထဲကျမှထည့်မယ် ကြံ့ခိုင်ရေးကို မဲထည့်ပါမယ်လို့ ရဲရဲမပြောဝံ့တာအများကြီး၊ ကျွန်တော်တို့ကတော့ အများသိတဲ့အတိုင်းပဲ ရသင့်သလောက်တော့ ရပါတယ်၊ ကျွန်တော်တို့ကို ပေးတဲ့မဲကတော့ စစ်စစ်မှန်မှန်ပဲလေ၊ ရသင့်သလောက်ရပါတယ်၊ ကျွန်တော်တို့ကို စစ်စစ်မှန်မှန် ရဲရဲဝံ့ဝံ့ ထောက်ခံတဲ့သူတွေကတော့ ပေးသင့်ပေးထိုက်တာ ပေးသွားပါတယ်။"

ရွေးကောက်ပွဲမှာ ပါတီကိုထောက်ခံသူတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာ စိုးရိမ်လို့  မဲလာမပေးတာတွေ ရှိခဲ့ပေမယ့် ပါတီဟာ ရသင့်ရထိုက်တဲ့ မဲအရေအတွက်ကို ရခဲ့တယ်လို့ ဦးအောင်တင်မြင့်က ဆိုပါတယ်။

ရန်ကုန်မြို့က အမျိုးသားရေးလှုပ်ရှားသူ ရှေ့နေဦးအေးပိုင်ကလည်း မဲဆွယ်စည်းရုံးစဉ်က လိုက်ပါသူတွေ ရွေးကောက်ပွဲမှာ တကယ်မဲမပေးခဲ့ဘူးဆိုတာ ရှိနိုင်ပေမယ့် ဒီလို ဖြစ်ရပ်မျိုး အနည်းငယ်လောက်ပဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

" အဲတာကတော့ အနည်းအကျဉ်းတော့ ပါကောင်းပါမယ်ပေါ့နော်၊ ဒီလောက်ကြီး သိသိသာသာကြီးတော့ မဖြစ်သွားနိုင်ဘူး၊ အဲဒီအချက်ကတော့ အရေအတွက်အားဖြင့် အားနည်းပါလိမ့်မယ်၊ ထောက်ခံတဲ့သူတွေက မဲဆွယ်တုန်းကများတယ်၊ မဲထည့်တော့ နည်းတယ်ဆိုတာကတော့ ဒီအချက်နဲ့ပတ်သက်ပြီးတော့ ထောက်ခံမှု အားနည်းတယ်လို့ ပြောလို့မရဘူးဗျ၊ ရင်ထဲကမပါရင် မလိုက်ကြဘူးလေ ဒီပါတီနိုင်ငံရေးဆိုတာလေ၊ အနည်အကျဉ်းလောက် ဖြစ်မယ်လို့ ဒီလိုပဲသုံးသပ်ပါတယ်။"

မဲသွားပေးချိန် မှတ်ပုံတင်ပြစရာမလို့ပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်ပေးထားတဲ့ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေနဲ့ မဲပေးလို့ရခဲ့တာ၊ မဲလက်မှတ်တွေ ဖောင်းပွတာ၊ သက်ကြီး ကြိုတင်မဲတွေကောက်ယူစဉ်က လျှို့ဝှက်မဲစနစ် သေသေချာချာ မဖြစ်ခဲ့တာ၊ ဆန္ဒမဲပုံးတွေကို မဲရုံကနေ မြို့နယ်ရုံးကို သယ်ယူစဉ်မှာ ကော်မရှင်အဖွဲ့ဝင်တွေကလွဲပြီး အခြားသူတွေကို လိုက်ပါခွင့် မပြုတာ စတဲ့အချက်တွေကြောင့်လည်း ပါတီ ရှုံးခဲ့တာဖြစ်တယ်လို့ ဦးအေးပိုင်က ဆိုပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ပါတီဝင်တွေနဲ့ ဝန်းရံသူ အင်အား တစ်ထောင်ကျော်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်က ရွှေနံ့သာ ဘောလုံးကွင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  နဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို အယုံအကြည် မရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

အာဏာရ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့  နိုင်ငံတကာက ၂၀၂၀ ရွေးကောက်ပွဲကို လွပ်လပ်ပြီး တရားမျှတကြောင်း ပြောဆိုနေချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နဲ့ ထောက်ခံသူတွေက လက်မခံနိုင်ကြောင်းပြောနေတာဟာ ကိုယ့်ကိုယ်ကိုယ် ပိတ်မိအောင် လုပ်သလို ဖြစ်နေတယ်လို့ တုံ့ပြန် ထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒုတိယမဲအများဆုံး ရခဲ့တယ်ဆိုပေမယ့် NLDပါတီ ရရှိတဲ့ ရလဒ်နဲ့တော့ တော်တော်လေး ကွာသွားတယ်လို့ ရန်ကုန်အခြေစိုက် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဆိုပါတယ်။

"သူက ထူးခြားတာတစ်ခုကတော့ မဲဒုတိယအများဆုံး အနေနဲ့တော့ ကျွန်တော်တို့ သတိထားမိပါတယ် မဲဆန္ဒရှင်တွေ မဲပေးအပြီးမှာ၊ အရင့်အရင် တလျှောက်လုံးစည်းရုံးထားတဲ့ပုံစံအရ ဒုတိယမဲအများဆုံး အနေအထားမှာတော့ ရှိနေပါတယ်၊ ဒါပေမဲ့ ပထမနဲ့ ဒုတိယအကြားမှာတော့ မဲက အခုနောက်ပိုင်း တော်တော်လေးကွာတယ်ပေါ့။"

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၁၅ နယ်အတွက် ယှဉ်ပြိုင်ကြရာမှာ NLD က ၂၅၈ နေရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ၂၆ နေရာ ရရှိပါတယ်။ ကျန်မဲဆန္ဒနယ်တွေကိုတော့ ပြည်နယ်အခြေစိုက် ပါတီတွေက ရရှိခဲ့ရာမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က ၁၃ နေရာ ရခိုင်အမျိုးသားပါတီက ၄ နေရာ၊ တအာင်း (ပလောင်) အမျိုးသားပါတီက ၃ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ၃ နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ၂ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၂ နေရာ၊ ကချင်ပြည်နယ်ပြည်သူ့ ပါတီက ၁ နေရာ၊ ရခိုင့်ဦးဆောင်ပါတီက ၁ နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် က ၁ နေရာ၊ 'ဝ' အမျိုးသားပါတီက ၁ နေရာ အသီးသီး အနိုင်ရရှိခဲ့ပါတယ်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၁ နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၃၈ နေရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၇ နေရာ ရရှိပါတယ်။  ကျန်တဲ့ ၁၆ နေရာမှာတော့ တိုင်းရင်းသားပါတီတွေက နိုင်ပါတယ်။

ရခိုင်အမျိုးသား ပါတီက ၄ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၃ နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ၃ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က ၂ နေရာ၊ တအာင်း (ပလောင်) အမျိုးသားပါတီက ၂ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ၁ နေရာ၊ ဒီမိုကရေစီပါတီသစ်(ကချင်)က ၁ နေရာ နိုင်ခဲ့ကြတာပါ။

လွှတ်တော်သုံးရပ်အတွက်  NLD  ပါတီက ၉၂၀ ယောက် အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ၇၁ ယောက်နဲ့ ဒုတိယအများဆုံး အနိုင်ရရှိခဲ့ပါတယ်။

Crd RFA