ရွေးကောက်ပွဲတာဝန်ရှိသူများအပေါ် ခြိမ်းခြောက်ရာရောက်သည့် ရေးသားဖော်ပြချက် များနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း

08-Dec-2020

ရွေးကောက်ပွဲတာဝန်ရှိသူများအပေါ် ခြိမ်းခြောက်ရာရောက်သည့် ရေးသားဖော်ပြချက်

များနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက်

၁။     အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) က ထုတ်ပြန်သော ၆-၁၁-၂၀၂၀ ရက်စွဲပါ သဘောထား ထုတ်ပြန်ကြေညာချက်အမှတ် ၅/၂၀၂၀ စာပိုဒ် ၉ နှင့် ၉-၁၁-၂၀၂၀ ရက်စွဲပါ သဘောထား ထုတ်ပြန်ကြေညာချက်အမှတ် ၆/၂၀၂၀ စာပိုဒ် ၄ တို့တွင် “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့ဝင်များ၊ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၃၉၉) (ဇ) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ (၁၀) (၃)ပါ ဥပဒေ တစ်ရပ်ရပ်အရ ပေးအပ်ထားသောတာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်းဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းချက်က ပြုလုပ်ရန်လိုအပ်သောပြုလုပ်မှုကို တမင်ချန်လှပ်ခြင်းဖြစ်ပါသဖြင့် ရာဇသတ်ကြီး ပုဒ်မ (၁၃၀) (က) ကျူးလွန်ကြောင်း၊ နှစ်ယောက် (သို့) နှစ်ယောက်ထက်ပိုသောသူများက ဥပဒေနှင့် မညီသော ပြုလုပ်မှုကိုပြုလုပ်ခြင်းဖြစ်ပါ၍ ရာဇသတ်ကြီးပုဒ်မ (၁၂၀) (က) ကို ကျူးလွန်ကြောင်း၊ မည်သူမဆို လိမ်လည်အတုပြုထားသော စာတမ်းအမှတ်အသားဖြစ်ကြောင်းသိရှိလျက် ထိုစာတမ်းကို အသုံးပြုခြင်း ဖြစ်ပါသဖြင့် ရာဇသတ်ကြီးပုဒ်မ (၄၇၁)နှင့် အတုပြုလုပ်ထားသော ဆန္ဒမဲ လက်မှတ်များကို မဲပုံးထဲသို့ ထည့်သွင်းခြင်းသည် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေပုဒ်မ (၅၉) (ည) တို့ကို ကျူးလွန်ပါကြောင်း” စသည်ဖြင့် ဖော်ပြထားပါသည်။

၂။     ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကျူးလွန်ကြောင်း တွေ့ရှိရသည့် အခါတွင် လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများပြုလုပ်ကြောင်း တွေ့ရှိရသည့် အခါတွင်လည်းကောင်း မည်သူက မည်ကဲ့သို့ အရေးယူဆောင်ရွက်ပိုင်ခွင့်ရှိသည်ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ အခန်း (၁၃) ၊ အခန်း (၁၄) နှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားပါသည်။ ယင်းပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ဥပဒေ၏ အကာအကွယ်ကို ရယူနိုင်ကြပါသည်။

၃။     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲတာဝန်ရှိသူ အားလုံးတို့သည် ရွေးကောက်ပွဲ လုပ်ငန်းများကိုဆောင်ရွက်ကြရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ၊ လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများကို လေးစားလိုက်နာပြီး ဆုံးဖြတ် ဆောင်ရွက်ခဲ့ ကြပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂ တွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက် များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်။ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၈၆ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ လွှတ်တော်ရွေးကောက်ပွဲဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ကောက်ဥပဒေများ၏ ပုဒ်မ စေရမည်ဟု ပြဋ္ဌာန်းထားကို ဆုံးဖြတ်ချက်နှင့် ဆေးဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ မည်သည့်တရားရုံးတွင်မျှ စစ်ဆေးပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားပါသည်။

၄။   အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) သည် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ တရားမဲ့ ပြုကျင့်မှုများကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရန်ဖြစ်သော်လည်း သဘောထားထုတ်ပြန်ချက်တွင် ဤကဲ့သို့ ရေးသား ဖော်ပြခြင်းသည် ရွေးကောက်ပွဲတာဝန်ရှိသူများကို ခြိမ်းခြောက်ခြင်း၊ ရွေးကောက်ပွဲတာဝန်ရှိသူ၏ ဆုံးဖြတ်ဆောင်ရွက် ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအပေါ် နှောင့်ယှက်စော်ကားခြင်းတို့ ပြုလုပ်ရာရောက်ပါသည်။ ထို့ပြင် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများနှင့် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့ကို လေးစားလိုက်နာမှု မရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်