နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ရဲ့ လဝကအမှုကို တရားရုံး ပလပ်

25-Nov-2020

ဖျက်သိမ်းထားတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို စွဲဆိုထားတဲ့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ (၁၃/၁) ကို ချမ်းအေးသာစံမြို့နယ် တရားရုံးက ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်မှာ ပလပ်လိုက်ပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်မှာ မန္တလေး အိုးဘိုထောင်မှာ အကျဉ်းကျနေစဉ် မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသနေချိန် ထွက်ပြေးခဲ့ပြီး ထောင်ပြေးအဖြစ် ထိုင်းနိုင်ငံတစ်ဆင့် အမေရိကန်နဲ့ ကနေဒါတို့မှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ ရောက်ရှိနေထိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာ ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံကိုရောက်ရှိပြီး တရုတ်ကနေ မြန်မာကိုဆောက်လုပ်ရေးသုံးပစ္စည်းတွေနဲ့ လူသုံးကုန်တွေတင်သွင်းခဲ့တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။

ဦးကျော်မြင့်ဟာ အရင်ဦးသိန်းစိန်အစိုးရလက်ထက် ပြည်ပရောက်နေသူတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အမည်မည်းစာရင်းပယ်ဖျက်မှုမှာလည်း မပါဝင်ခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာတော့ မူဆယ် နယ်စပ်ဂိတ်ကနေ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ မြန်မာနိုင်ငံထဲကို ရောက်ရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် သူ့ကို မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ထွက်သွားလာမှုအရ လဝက အက်ဥပဒေနဲ့ သက်ဆိုင်ရာကတရားစွဲထားတာဖြစ်ပြီး အခု ဒီအမှုကို တရားရုံးက ပလပ်လိုက်တာဖြစ်ပါတယ်။

ဦးကျော်မြင့်ကို ထောင်ပြေးမှု ပုဒ်မ ၂၂၄ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။

ဒီထောင်ဒဏ်ဟာ အဲဒီတုန်းက ထောင်ကနေ ပြေးသွားခဲ့တဲ့အမှုအတွက်သာ စစ်ဆေးအမိန့်ချထားပြီး ထိုစဉ်က သူရင်ဆိုင်ခဲ့ရတဲ့အမှုလက်ကျန်တွေကိုလည်း တရားရုံးမှာ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း