ပြည်ထောင်စုအစိုးရက ရခိုင်ဝန်ကြီး နှစ်ဦးကို အရေးယူဖို့ ပျက်ကွက်နေတယ်လို့ဝေဖန်

19-Dec-2020

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး နှစ်ဦးကို အဂတိမှုနဲ့ စုံစမ်းစစ်ဆေးပြီး အမှုပေါ်ပေါက်နေပေမယ့် ပြည်ထောင်စုအစိုးရက အရေးယူဖို့ ပျက်ကွက်နေတယ်လို့ တိုင်တန်းသူတွေအထဲက ဝတီရွှေမြေကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးနှင်းထွန်းတိုး က စစ်တွေမြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဝေဖန်လိုက်ပါတယ်။ 

ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနဲ့ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်တို့ကို စစ်ဆေးအရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံကို ရခိုင်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ ၆ ခုက ပြီးခဲ့တဲ့ ၂၀၁၈ သြဂုတ်လက တိုင်ကြားခဲ့ကြတာပါ။ 

ဝန်ကြီး ဦးကျော်အေးသိန်းဟာ မြောက်ဦးခရိုင်အတွင်းက လုပ်ငန်းအချို့နဲ့ပတ်သက်ပြီး တင်ဒါလျှောက်ထားခြင်း မရှိတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းတင်ဒါ ချပေးတာ၊ တင်ဒါစည်းမျဉ်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ ကုမ္ပဏီကို ဘက်လိုက်ပြီး တင်ဒါချပေးတာ စတဲ့ မသမာမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်ကြားခဲ့တာပါ။ 

ဝန်ကြီး ဦးဝင်းမြင့်ကတော့ မြောက်ဦးမြို့နယ်ခန်းမ ဆက်စပ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တင်ဒါချပေးရာမှာ မရိုးသားမှုတွေရှိခဲ့တာကြောင့် ငွေကျပ် သိန်း ၅၀၀ လောက် နစ်နာမှုရှိခဲ့တယ်ဆိုပြီး နစ်နာမှုရှိခဲ့တဲ့ ဝတီရွှေမြေကုမ္ပဏီရဲ့ဒါရိုက်တာ ဦးနှင်းထွန်းတိုးက နိုင်ငံတော် အတိုင်ပင်ခံရုံးကိုပါ ဆက်လက်တိုင်ကြားတာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီး ဦးကျော်အေးသိန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၁၈ စက်တင်ဘာလမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့သလို ဝန်ကြီး ဦးဝင်းမြင့်ကိုလည်း အတိုင်ပင်ခံရုံးရဲ့ ညွှန်ကြားချက်နဲ့ ပြည်နယ်အစိုးရအဖွဲ့က စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမဲ့ တိုင်ကြားသူတွေထံ တစ်စုံတစ်ရာ အကြောင်းပြန်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ဒါကြောင့် ၂၀၁၉ သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးကို ကိုယ်တိုင် သွားရောက်စုံစမ်းရာမှာ ဝန်ကြီး ဦးကျော်အေးသိန်းဟာ အမှုပေါ်ပေါက်ပြီးဖြစ်ပေမယ့် ကော်မရှင်က တိုက်ရိုက်အရေးယူလို့မရတာကြောင့် နိုင်ငံတော် သမ္မတ အပါအဝင် လွှတ်တော်ဥက္ကဋ္ဌတွေထံကို အစီရင်ခံစာ တင်ပြထားတယ်လို့ ကော်မရှင်တာဝန်ရှိသူတွေ ပြောဆိုခဲ့ကြောင်း ဦးနှင်းထွန်းတိုးက ပြောပါတယ်။ 

ဝန်ကြီး ဦးဝင်းမြင့် အပေါ်တိုင်တန်းချက်နဲ့ ပတ်သက်လို့ကတော့ တိုင်တန်းသူထံကို ဒီနေ့အထိ တစ်စုံတစ်ရာအကြောင်းပြန်တာ မရှိဘူးလို့လည်း ဆိုပါတယ်။ 

အခုလို ဝန်ကြီးနှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့တဲ့နောက်ပိုင်း တိုင်ကြားရာမှာပါဝင်ခဲ့တဲ့ ဝတီရွှေမြေဆောက်လုပ်ရေး ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၆ ခုကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈ နိုဝင်ဘာလမှာ အမည်ပျက်စာရင်းသွင်းခံခဲ့ရပါတယ်။ 

ဒါ့အပြင် ဝန်ကြီးနှစ်ဦးကို အရေးယူဖို့ တိုင်တန်းခဲ့သူတွေရဲ့ အခြားစီးပွားရေးလုပ်ငန်းတွေမှာ ခြိမ်းခြောက်ခံရတာတွေ ရှိနေတယ်လို့လည်း ဦးနှင်းထွန်းတိုးက ပြောပါတယ်။ 

ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို RFA က တယ်လီဖုန်းကနေ တစ်ဆင့် ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုမယ့်သူ မရှိပါဘူး။ 

ဝန်ကြီး နှစ်ဦးကို အရေးယူဖို့ပျက်ကွက်နေတယ်လို့ ပြောဆိုချက်နဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတရုံးကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။