စီးပွားရေးမူဝါဒများ ချမှတ်ဆောင်ရွက်ရန် လိုအပ်နေဟု မြောက်ကိုရီးယားခေါင်းဆောင် ပြော

01-Dec-2020

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ နိုဝင်ဘာ ၃၀ မှာ ကျင်းပတဲ့ လက်ရှိ အာဏာရအလုပ်သမားပါတီ ပေါ်လစ်ဗျူရို အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်ရင်း တာဝန်ယူမှုရှိတဲ့ စီးပွားရေးမူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ လိုနေပြီလို့ အလေးအနက် ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို ရပ်တန့်ရေး ရည်မှန်းထားတဲ့ နိုင်ငံတကာ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် စီးပွားရေး ထိခိုက်နေချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါက ပိုဖိအားပေးတာကို ခံနေရချိန်မှာ ဒီအစည်းအဝေးကို ကျင်းပတာလို့ မြောက်ကိုရီးယား အစိုးရ ရုပ်သံ KCNA က ဆိုပါတယ်။

လာမယ့်နှစ်မှာ ကျင်းပမယ့် ကွန်ဂရက်မတိုင်ခင် စီးပွားရေးလုပ်ဆောင်ချက်တွေအတွက် သိပ္ပံနည်းကျ လမ်းညွှန်ပေးဖို့ ပျက်ကွက်တဲ့ စီးပွားရေးလမ်းညွှန်အဖွဲ့တွေကို ပေါ်လစ်ဗျူရိုက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

လက်ရှိ အာဏာရပါတီဟာ ၅ နှစ် စီမံကိန်းအသစ်ကို ဆုံးဖြတ်ဖို့ ဇန်နဝါရီလမှာ ကွန်ဂရက် အစည်းအဝေး ခေါ်ယူကျင်းပမယ်လို့ ကင်ဂျုံအန်းက သြဂုတ်လက ပြောခဲ့ပါတယ်။

နိုင်ငံစီးပွားရေး တိုးမြှင့်ဖို့ အကြီးအကျယ် နှောင့်နှေးနေတယ်လို့လည်း အစည်းအဝေးက မှတ်ချက်ပြုပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ လာမယ့်နှစ် ကွန်ဂရက်မတိုင်မီ နယ်ပယ်ကဏ္ဍတိုင်းမှာ ပန်းတိုင်တွေကို ရယူနိုင်ရေး အောက်တိုဘာလမှာ ရက် ၈၀ လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့ပါတယ်။

DVB News