ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှုတ်ထွက်ပေးဖို့ တကိုယ်တော်ဆန္ဒပြသူ ပုဒ်မ (၁၉) နဲ့ အမှုဖွင့်ခံရ

19-Nov-2020

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှုတ်ထွက်ပေးဖို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ တကိုယ်တော်ဆန္ဒပြတောင်းဆိုခဲ့တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးအေးဝင်းကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားပါတယ်။

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ကို တရားဝင်နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုခဲ့တာ၊ အဲ့ဒီနောက်မှာမှ နိုင်ငံရေးပါတီအဖြစ်ကနေ ပြန်လည် ဖျတ်သိမ်းကြောင်း ကြေညာတာတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စိစစ်မှုအားနည်းခဲ့တာကြောင့် ဖြစ်ရတာမို့ ကော်မရှင် ဥက္ကဋ္ဌနှုတ်ထွက်ပေးဖို့ အောက်တိုဘာလ (၂၈) ရက်နေ့က ပုသိမ်မြို့မှာ ဦးအေးဝင်း တကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့တာပါ။

အဲ့ဒီလို လမ်းလျှောက်ဆန္ဒပြခဲ့ပြီး သုံးပတ်လောက်အကြာ နိုဝင်ဘာလ(၁၇) ရက်နေ့မှာ ဦးအေးဝင်းကို ငြိမ်းစုစီဥပဒေပုဒ်မ (၁၉)နဲ့ အမှုဖွင့်ထားကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုပြောဆိုတာဖြစ်ပါတယ်။

ဦးအေးဝင်းကို နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့ပြီး တရားရုံးမှာ ကိုယ်ပိုင်ခံဝန်နဲ့ အာမခံပေးထားတယ်လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က RFA ကို ပြောပါတယ်။

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၉ ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ်သုံးလ ချမှတ်နိုင်ပါတယ်။

RFA