မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် AAPP သတ်မှတ်

07-Dec-2020

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ တပ်တွင်း ဖိအားပေးတာတွေ ရှိနေတယ်လို့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာကြောင့် ထောင် ၉ လ ချမှတ်ခံရတဲ့ မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်လိုက်ပါတယ်။

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကလည်း မသဉ္ဇာသန်းမင်း အမြန်ဆုံး ပြန်လည်လွတ်မြောက်စေလိုပြီး ကပ်ဘေးကာလ အကျဉ်းကျချိန် အဆင်ပြေဖို့ ငွေကြေးထောက်ပံ့လိုက်တယ်လို့ ပြောပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ် အမှတ် ၂၃၅ ခြေလျင်တပ်ရင်းမှာ မိဘတွေနဲ့အတူ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မသဉ္ဇာသန်းမင်း ဟာ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တပ်တွင်းမှာ ဖိအားပေးခံနေရ တယ်ဆိုပြီး သူ့ရဲ့ Facebook လူမှုကွန်ယက်မှာ တင်ခဲ့တာဟာ တပ်မတော်ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ ရေးသားမှုဖြစ်တယ်လို့ ပခုက္ကူမြို့နယ်တရားရုံးက ဆုံးဖြတ်ပြီး အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ဒီဇင်ဘာလ ၄ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တာပါ။

အဲဒီအပြင် မသဉ္ဇာသန်းမင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က)၊ ၆၆ (ဃ) တို့နဲ့လဲ ပခုက္ကူမြို့နယ် ရဲစခန်းမှာ တပ်မတော်က ထပ်မံအမှုဖွင့်ထားတယ်လို့သိရပါတယ်။ ဒါပေမဲ့ အဲဒီအမှုတွေက တရားရုံးကို ရောက်မလာသေးဘူးလို့ သူ့ရဲ့ရှေ့နေ ဒေါ်ချိုချိုမာက ပြောပါတယ်။ အမိန့်ချပြီးတဲ့အမှု မှာတော့ တရားခံဘက်က သက်သေမပြနိုင်တဲ့ အားနည်းချက်ရှိခဲ့တယ်လို့ ပြောပါတယ်။

“အားနည်းချက်ကတော့ ကျွန်မတို့ဘက်က သက်သေမပြနိုင်တဲ့ အားနည်းချက်တော့ရှိတယ်၊ သူက အခင်းဖြစ်ပွားတဲ့ အချိန်တုန်းက သူ့မှာ သက်သေပြစရာ သူ့ဘက်က လူမရှိဘူးပေါ့နော်၊ မရှိတဲ့အတွက် သူလည်း မပြတော့ဘူးပေါ့။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ အယူခံတက်ဖို့ မတက်ဖို့ကတော့ တရားခံရဲ့ ဆန္ဒအရပဲပေါ့နော်။ တရားခံရဲ့ ဆန္ဒကို ကျွန်မ မမေးရသေးဘူးရှင့်”

အခုလို ပြစ်ဒဏ်ချခံလိုက်ရတဲ့ မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတ်မှတ်လိုက်တယ်လို့ အဖွဲ့ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ပြောပါတယ်။

“ကျနော်တို့က သူ့ကိုနိုင်ငံရေးအကျဉ်းသား သတ်မှတ်တယ်ပေါ့ဗျာ၊ ဘာကြောင့်လဲဆိုတော့ သူက သူရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အသုံးချပြီး ဒီကိစ္စကို ထုတ်ပြောတာပဲလေ၊ တပ်ထဲမှာ မတရားဖြစ်တာကို ထုတ်ပြောတာပဲ၊ ဒါကို ၅၀၅ တို့ ဘာတို့နဲ့ တရားစွဲတာက မဖြစ်သင့်ဘူးလေ၊ ဒါကြောင့်သူ့ကိုတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားတယ်”

“ကျွန်မအဖေက စစ်သားဖြစ်နေလို့ USDP ကို မဲပေးရမယ်။ ကျွန်မကတော့ NLD ကို မဲပေးတော့ ကျွန်မ အဖေရာထူးကို ခြိမ်းခြောက်နေပါတယ်။ အခုစာလည်း တင်လို့ဆိုပြီး အရေးယူမလား မသိဘူး” လို့ မသဉ္ဇာသန်းမင်းက Thin Zar အကောင့်နဲ့ Facebook စာမျက်နှာပေါ် စက်တင်ဘာ ၂၃ နေ့မှာ တင်ခဲ့တာပါ။

နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ တပ်မ (၁၀၁) က ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းက တရားလိုလုပ်ပြီး မသဉ္ဇာသန်းမင်းကို တပ်မတော်ကို အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ တပ်မတော်ကိုယ်စား တရားစွဲခဲ့ပြီး ရုံးချိန်း (၉) ကြိမ်အပြီး အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥပဒေ အထောက်အကူပြုအဖွဲ့ တရားလွှတ်တော် ရှေ့နေ ဦးဝါဝင်းမောင်က မသဉ္ဇာသန်းမင်း ရေးသားချက်ဟာ ပုဒ်မ ၅၀၅ (က) နဲ့ ငြိစွန်းမှုမရှိဘူးလို့ ပြောပါတယ်။

“၅၀၅ (က)က ဘာလဲဆိုတော့ တပ်ကို ပုန်ကန်တဲ့ ကောလာဟလာမျိုးပေါ့၊ အဲဒါမျိုး လွှင့်တဲ့ အနေအထားမျိုးမှာဆိုလို့ရှိရင်တော့ သတ်မှတ်ထားတဲ့ ရဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ ငြိစွန်းမှာပေါ့နော်။ အခု မသဉ္ဇာသန်းမင်းတင်တဲ့ Live က ဘာလဲဆိုရင် ဒီကြံ့ခိုင်ရေးကို မဲပေးဖို့ ဖိအားပေးတယ် ဒီလိုလေး တင်တဲ့အနေအထားမှာတော့ ဒီ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ ငြိစွန်းမှုမရှိဘူးလို့ ကျွန်တော်တို့က ပြောရမှာပဲ သုံးသပ်ရမှာပဲပေါ့နော်။ နောက်တစ်ခါ ၅၀၅ ရဲ့ ချွင်းချက်မှာလည်း ပါတယ်လေ၊ မှန်ကန်တဲ့ သတင်းမျိုးကို တင်တယ်ဆိုလို့ရှိရင် ကင်းလွတ်ခွင့်ရှိတယ်၊ ပြစ်မှုမမြောက်ဘူးလို့ အဲလို ပြဌာန်းထားတော့ ကျွန်တော်တို့ အနေနဲ့ကတော့ ပြစ်ဒဏ်မချမှတ်သင့်ဘူးပေါ့ဗျာ”

ဒီအမှုမှာ တရားလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းကို RFA က ဆက်သွယ်လို့မရခဲ့ပါဘူး။

တပ်တွင်းမှာ ဆန္ဒမဲပေးတာနဲ့ပတ်သက်လို့ ဖိအားပေးတာ ရှိ၊ မရှိ တရားစွဲဆိုပြီးနောက် ဖိအားပေးတာ ရှိ၊ မရှိ တပ်မတော်က ဒီလိုတရားစွဲဆို ထောင်ဒဏ်ချမှတ်တဲ့အပေါ် ဝေဖန်ခံနေရတာတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

နိုဝင်ဘာ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဒီအမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တချို့ရဲ့ မေးမြန်းချက် အပေါ်မှာတော့ ဒါဟာ ပုဂ္ဂိုလ်ရေး ပြဿနာသာဖြစ်ပြီး ကာယာကံရှင်တွေရဲ့ ဂုဏ်သိက္ခာအရ ထုတ်ပြောလို့ မရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။ အဲဒီအပြင် မသဉ္ဇာသန်းမင်း အမှုကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်မှာ တာဝန်ထမ်းနေတဲ့ သူ့ဖခင်အပေါ်မှာ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

အခုလိုအရေးယူလိုက်တာနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရရဲ့ သဘောထားကို လတ်တလော မေးမြန်းလို့ မရသေးပါဘူး။

ဒါကြောင့် မကွေးတိုင်းအစိုးရရဲ့ သဘောထားကိုမေးကြည့်တဲ့အခါ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မသဉ္ဇာသန်းမင်းကို အမြန်ဆုံးလွတ်မြောက်စေချင်တယ်လို့ ပြောပါတယ်။

“ဆိုရှယ်မီဒီယာမှာ ပြည်သူလူထုဝေဖန်ကြတာတွေ ကြည့်မယ်ဆိုရင် ဘယ်သူကမှားပြီး ဘယ်သူက မှန်တုန်း၊ ဓမ္မက ဘယ်သူတုန်း အဓမ္မက ဘယ်သူတုန်း၊ နိုင်တဲ့သူက ဘယ်သူတုန်း၊ ရှုံးတဲ့သူက ဘယ်သူတုန်း။ ဒါတွေက သိသာထင်ရှားပါတယ်။ ကျနော်ပြောချင်တာကတော့ အစိုးရအဖွဲ့ကိုယ်စားပြုပြောတဲ့ သဘောတော့ မဟုတ်ပါဘူး။ ကိုယ်က သားသမီးချင်း ကိုယ်ချင်းစာပြီးတော့ အထဲမှာ သွားပြီးနေရတဲ့အခိုက် ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ ငတ်ငတ်ပြတ်ပြတ် မဖြစ်ရအောင်၊ ကိုဗစ်ကာလဆိုတော့လည်း ပြောမရဘူးလေ ရောဂါပိုးကူးစက်ခံရမှာတွေလည်း စိုးရိမ်ရတာပေါ့၊ ဒါကြောင့် တတ်နိုင်သမျှ ထမင်းစရိတ်လေးတော့ ပခုက္ကူက လွှတ်တော် ကိုယ်စားလှယ်တွေကတဆင့် ထောက်ပံ့လိုက်ပါတယ်။ ကျန်းကျန်းမာမာနဲ့ ထောင်ကနေ အမြန်ဆုံးထွက်လာနိုင်ပါစေ။ သူ့စေတနာမေတ္တာအတိုင်းပဲ တိုင်းပြည် ကောင်းအောင် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်အောင် အနာဂတ်မှာ လုပ်ပေးနိုင်တဲ့ အမျိုးကောင်းသမီးလေးဖြစ်ပါစေ၊ ဒါပဲ ဆုတောင်းပါတယ်”

မသဉ္ဇာသန်းမင်းဟာ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းက တပ်မတော် ဆေးဖက်ဆိုင်ရာ လက်ထောက် အရာခံဗိုလ် ဦးသန်းမင်းရဲ့ သမီးဖြစ်ပါတယ်။

အမှုရင်ဆိုင်နေရတဲ့အချိန်မှာ သူနဲ့ သူ့မိသားစုဝင်တွေကို အပြင်လူတွေနဲ့ တွေ့ဆုံခွင့် မပေးတာ၊ ဖုန်းကိုင်ခွင့်မပေးတာ၊ လွတ်လွတ်လပ်လပ် သွားလာပြောဆိုခွင့် မရတာမျိုးတွေရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ RFA အနေနဲ့လည်း သူ့မိဘတွေကိုတိုက်ရိုက် ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။

သူ့ရဲ့မိသားစုဝင်တွေလည်း စောင့်ကြည့်ခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“သူအခုတင်တာကတော့ ပထမဦးဆုံးတင်တာပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ တပ်ထဲမှာဖြစ်တဲ့ အကြောင်းအရာတွေကတော့ ကျွန်မ တအားကြီးတော့ မသိဘူးပေါ့နော်၊ သူ ပို့စ်တင်တယ်၊ ပို့စ်ကို မနက်လင်းတော့လေ သူ ပြန်ဖျက်သွားတယ်။ အဲလောက်ပဲဆိုတော့ အဲလောက်နဲ့ပဲ ပြီးမယ်လို့ ထင်တာပေါ့နော်၊ အခုလိုမျိုးတော့ ကျွန်မလည်း မထင်မိဘူး။ ရုံးချိန်းတော့ သူ့အဖေနဲ့ အမေ မလာဘူး၊ မလာတဲ့အခါကျတော့ သူငိုတာပေါ့၊ ကျွန်မက သမီးရယ် နောက်ကျလာမှာပါ၊ သမီးသာ ကျန်းမာရေးကောင်းအောင်နေ အဲလိုမျိုးတော့ ပြောခဲ့တယ်။ အခုအချိန်အထိတော့ သူ့အဖေနဲ့ အမေကို တွေ့ခွင့်မရသေးဘူး။ သူ့အဖေအမေကို တပ်ထဲမှာ အစောင့်တွေနဲ့ထားတယ်လို့ ကျွန်မ ကြားတယ်ရှင့်”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တာကြောင့် တပ်မတော်ရဲ့ တရားစွဲထောင်ချခံရတဲ့ ဗိုလ်မှူးဟောင်း ကျော်စွာဝင်းကတော့ သူ့ဖြစ်ရပ်တုန်းကလည်း ဇနီးဖြစ်သူ စောင့်ကြည့်ခံရတာ၊ အိမ်ကိုဝင်ထွက်တဲ့ ဧည့်သည်တွေကို မှတ်တမ်းယူတာ၊ ဇနီးဖြစ်သူနဲ့ တွေ့ွခွင့်မပေးတာ၊ စတဲ့ ဖိအားပေးခံရတာတွေရှိခဲ့တဲ့အတွက် မသဉ္ဇာသန်းမင်းရဲ့ မိသားစုဝင်တွေလည်း ဖိအားပေးခံရတာတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

“ရှိနိုင်တာပေါ့၊ ရှိလည်း ရှိခဲ့တယ်လေ၊ ခုထိလည်း ရှိနိုင်တာဘဲ၊ သူကတော့ ထောင်ချလိုက်ပေမယ့် သူ့အတွက်က သိပ်ပြဿနာမရှိဘူး၊ ထောင် ၉ လပြည့်ရင် ပြီးသွားမယ့်ကိစ္စ၊ ဒါပေမဲ့ တပ်ထဲက သူအဖေက ဖိအားရှိမှာ၊ ဖိအားက စစ်သည်ကို တိုက်ရိုက်ပေးလို့ရတယ်၊ မသွားရဘူးဆို မသွားရဘူး၊ မတွေ့ရဘူးဆို မတွေ့ရဘူး၊ မသွားရဘူးဆိုတာ သွားတယ်၊ မတွေ့ရဘူးဆိုတာ တွေ့ရင်တော့ ဒီထက်ပိုဆိုးတဲ့ ကိစ္စရပ်တွေလာမယ်၊ နောက်ဆုံး ပင်စင်တောင်ရမှာမဟုတ်ဘူး၊ အကြောင်းရှာပြီး တစ်ခုခုအမှားအယွင်းနဲ့ ထောင်ချ၊ ထုတ်ပါ ထုတ်လိုက်လို့ရတယ်”

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) မှာ တပ်မတော်အကျိုး ပျက်ပြားစေရန် ဖော်ပြရေးသားတာ၊ ထုတ်ပြန်ကြေညာတာ၊ ကောလာဟလ လွှင့်တာတွေအတွက် တပ်မတော်က စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

တပ်မတော်ကို အကြည်ညိုပျက်အောင် လူမှုကွန်ရက်မှာ ရေးသားတာ၊ ဟောပြောတာ၊ သံချပ်တိုက်တာ စတာတွေကြောင့် ပုဒ်မ ၅၀၅(က)နဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တချို့အပြင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာ စောဝေ၊ စတဲ့ တက်ကြွလှုပ်ရှားသူတွေ အမှုဖွင့်ခံရတာတွေ၊ တရားစွဲခံရတာ၊ ထောင်ဒဏ်ချခံရတာတွေ ရှိခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် ဆက်သွယ်ရေးဥပဒေ၊ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ပိတ်ပင်တဲ့ ဥပဒေတွေကို ပြုပြင်ဖို့ လိုအပ်နေတယ်လို့ AAPP အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

RFA Burmese

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။