ဆယ်စုနှစ် တစ်စုကျော်ပျောက်ကွယ်ခဲ့သည့် အင်းလေးရေပေါ်ဈေးပြန်လည်အသက်ဝင်လာ

09-Oct-2020

ညောင်ရွှေ အောက်တိုဘာ ၈

ဆယ်စုနှစ် တစ်စုကျော် ပျောက်ကွယ်လျက်ရှိသည့် အင်းလေးရေပေါ်ဈေးသည် အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ ဒေသခံရောင်းသူဝယ်သူများဖြင့် ပြန်လည် အသက်ဝင်လာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အင်းလေးဒေသ ဟဲယာရွာမကျေးရွာရှိ ရေပေါ်ဈေး သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားရာ နေရာတစ်ခုဖြစ်ခဲ့သော်လည်း နွေရာသီတွင် ရေလျော့နည်းမှုကြောင့် ရေပေါ်ဈေးအဖြစ် ရောင်းဝယ်မှု မပြုနိုင်ဘဲ ကုန်းမြေပေါ်သို့ ပြောင်းရွှေ့ ရောင်းဝယ်ခဲ့ရကြောင်း၊ ယခင်က ရေပေါ်ဈေးတွင်ဒေသထွက်အစားအစာ၊ ဟင်းသီးဟင်းရွက်အပါအဝင် ကုန်ပစ္စည်းများကို လှေပေါ် တွင်တင်၍ ရောင်းဝယ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းကို အမှီပြု၍ အမှတ်တရပစ္စည်း ရောင်းချ သူများသာ များပြားလာကြောင်း ဒေသခံများကပြောသည်။

ယခုအခါ ကုန်းမြေပေါ်ရှိဈေးများ ခေတ္တပိတ်ထားမှု ကြောင့် ဒေသခံဈေးရောင်းချသူများသည် ရေပေါ်တွင် လှေများဖြင့် ဒေသထွက်ကုန်များကို ယခင်ကကဲ့သို့ ပြန်လည်ရောင်းချလာမှုများကြောင့် ရေပေါ်ဈေးမှာ ပြန်လည်၍ အသက်ဝင်လာကြောင်း၊ ဆက်လက်၍လည်း ရေပေါ်ဈေးကို နွေရာသီကာလ ရေနည်းချိန်၌ ဈေးမဖြစ် သော်လည်း ရေများချိန်တွင် ယခုကဲ့သို့ ရောင်းဝယ်မှုများဖြင့် ရေရှည်တည်တံ့လိုကြောင်း၊ ဒေသခံများကလည်း ရေပေါ်ဈေးအဖြစ် အရောင်းအဝယ် ပြန်ဖြစ်လာသဖြင့် ဝမ်းမြောက်လျက်ရှိကြောင်း ဟဲယာရွာမ ကျေးရွာမှ ဒေသခံ ဦးစိုးမြင့်ဦးက ပြောသည်။

နေမျိုးသူရိန်