ငြိမ်းချမ်းရေးဆောင်ရွက်မယ့် NLD ရဲ့ ကမ်းလှမ်းချက်စာ တိုင်းရင်းသားပါတီတချို့ မရသေး

21-Nov-2020

ရွေးကောက်ပွဲအနိုင်ရ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က၊ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်တူတာမို့ တိုင်းရင်းသားပါတီတွေကို ပူးပေါင်းဆောင်ရွက်ဖို့၊ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့စွဲနဲ့ ကမ်းလှမ်းလိုက်တဲ့စာကို၊ တိုင်းရင်းသားပါတီတချို.လက်ခံရရှိပြီး၊ မရသေးတဲ့ပါတီလည်းရှိနေပါသေးတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့စွဲနဲ့ ကမ်းလှမ်းလိုက်တဲ့ ဒီ NLD စာကို တိုင်းရင်းသာပါတီတွေ ဘက်က ကြိုဆိုလိုက်ပေမဲ့၊ ယျေဘူယျဆန်နေသေးတာမို့၊ ပြည်နယ်လွှတ်တော်ဖွဲ့စည်းတာကနေ အစိုးရအဆင့်ဆင့်အထိ၊ အသေးစိတ်ဘယ်လိုပူးပေါင်းဖို့ပါ စဉ်းစားစေချင်တယ်လို့ပြောလာတဲ့၊ အဓိက တိုင်းရင်းသားပါတီတွေကို ကိုဝင်းမင်းက မေးထားပါတယ်။

ဒီ NLD ကမ်းလှမ်းချက်ကို တပတ်အကြာ ကြာသပတေးနေ့မှ လက်ခံရရှိခဲ့ပြီး ရှမ်းပြည်နယ်မှာ မဲတစုံတရာ များများရထားတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်က ဒီအပေါ်ပါတီအတွင်း မဆွေးနွေးရသေးပေမယ့် တဦးချင်းသဘောထားကိုတော့ အခုလို စရှင်းပြပါတယ်။

“ဖိတ်ခေါ်လိုက်တာတော့ တမျိုးတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ရုံးပိုင်းဆိုင်ရာ ပေါ့လျော့မှု၊ အားနည်းမှုပဲပြောရမလားမသိဘူး ဒီစာတွေက ပါတီတွေဆီကို နည်းနည်းရောက်တာ နောက်ကျတယ် ။ နောက်ပြီးတော့ ဒီစာထဲမှာ ရေးထားတဲ့ဟာကလည်း ယေဘုယျတော့ တော်တော်ဆန်ပါသေးတယ်။ တကယ်လို့ ပူးပေါင်းဆောင်ရွက်မှု တကယ်လုပ်မယ်ဆိုရင်တော့ ဒီထက်ပိုပြီးတော့ လူချင်းဖြစ်စေ၊ အဖွဲ့အစည်းတခုချင်းဖြစ်စေပေါ့လေ အဲလို ဆက်သွယ်ညှိနှိုင်းပြီးတော့ ဆွေးနွေးကြရင်တော့ ပိုအဆင်ပြေနိုင်လိမ့်မယ်လို့ မြင်ပါတယ်။ ရှေ့ဆက်ညှိနှိုင်းတဲ့အချိန်ကျရင်တော့ ဒီထက်ပိုပြီးတော့ အသေးစိတ်ရမယ်လို့ မြင်ပါတယ်။”

အဲဒီတော့ ဘာကြောင့်အသေးစိတ်ဆန်ဖို့ လိုပါသလဲလို့ မေးရာမှာ စိုင်းကျော်ညွှန့်ကဆက်ပြီး

“ပြည်ထောင်စုအဆင့်က တမျိုး စဉ်းစားရမယ် ၊ ပြည်နယ်တခုချင်းစီအလိုက်လည်း တမျိုး စဉ်းစားရမှာ ဖြစ်တယ်ပေါ့ ။ ဒါရခိုင်ပြည်နယ်မှာဆိုရင် NLD က အများစုရတာမဟုတ်ဘူး၊ ရခိုင်လွှတ်တော်ကို သူက ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး ။ အလားတူပဲ ရှမ်းပြည်နယ်လွှတ်တော်၊ ကယားပြည်နယ်လွှတ်တော် တွေမှာ NLD က နိုင်တာများတယ်ဆိုပေမယ့် လွှတ်တေ်ာကို ထိန်းချုပ်နိုင်တဲ့အရေအတွက် မပြည့်နေဘူးလေ။ ဆိုတော့ ဒီ ဒီဇင်ဘာအကုန်ဆိုရင် လက်ရှိလွှတ်တော်သက်တမ်းကလည်း ကုန်မယ်။ ဆိုတော့ လာမယ့်လွှတ်တော်သက်တမ်းမှာ သက်ဆိုင်ရာပြည်နယ်ရဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ ၊ ဒုဥက္ကဋ္ဌတို့ ရွေးချယ်ရမယ့်အချိန်ကျရင် ပြည်နယ်အလိုက် မညှိနှိုင်းလို့ မရပါဘူး။”

ဒီနေရာမှာ ပြည်နယ်လွှတ်တော်နေရာအတွက် ရခိုင်မှာ မဲအများစု နိုင်ထားတဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ရော ဒီ NLD ကမ်းလှမ်းစာကို ရထားပြီးပါပြီလားလို့ မေးရာမှာ ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက

“အဲဒီစာ ကျနော်တို့ ပါတီကိုတော့ မရောက်သေးဘူး ။ ရခိုင်မှာဆိုရင် လေကြောင်းလိုင်းလည်း မရှိဘူးဆိုတော့ အဲဒါ ကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဖုန်းနဲ့ လှမ်းပြောထားတာတော့ မရှိသေးဘူး။”

ဒါ့အပြင် ဦးသာထွန်းလှကပဲ NLD ပါတီအနေနဲ့ အရင်လို တိုင်းရင်းသားပါတီတွေနဲ့ ပြဿနာ မတက်ချင်တာကြောင့် အခုလို ကမ်းလှမ်းလာတာ ဖြစ်နိုင်ပေမယ့် စာ ရဖို့တော့ စောင့်နေရတာအပြင် ရှေ့မှာ လက်တွေ့တကယ်ဖြစ်ဖို့ အခုလို စရှင်းပြပါတယ်။

“ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ စကားကို ပါးစပ်က ပြောရုံမဟုတ်ပဲနဲ့ အကောင်အထည်ဖော်မယ့် အစီအစဉ်တွေ လုပ်ငန်းစဉ်တွေကို ချဖို့လိုအပ်တယ်။ ဒီ အစိုးရ (Government) ဖွဲ့စည်းရေးဆိုတာမှာ အများစု အနိုင်ရထားတဲ့ ပါတီတခုကပဲ လွှမ်းခြုံပြီး အကုန်လုံးကို ဦးစီးတဲ့ပုံစံ မဟုတ်ပဲနဲ့ တိုင်းရင်းသားအရေးကို ရှေးရှု့မယ်ဆိုရင် တိုင်းရင်းသားနိုင်ငံရေးပါတီနဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးတဲ့ အခင်းအကျင်းနဲ့ ဘယ်လို မူတွေချပြီးလုပ်မလဲဆိုတဲ့ အစိုးရဖွဲ့စည်းတဲ့ပုံမျိုး လုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”

ဒီ NLD ကမ်းလှမ်းစာကို ဒီအပတ် ဗုဒ္ဓဟူးနေ့ကပဲ လက်ခံရရှိခဲ့ပြီး ကယားပြည်နယ်မှာ မဲတစုံတရာရထားတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကနေ ပြည်နယ်လွှတ်တော်နေရာ နိုင်ထားသူ ဒေါ်အယ်ဗလင်းကလည်း အလားတူ လက်တွေ့ကျကျ ဖြစ်စေချင်တယ်ဆိုပြီး အခုလို ဆက်ပြောပါတယ်။

“ တကယ်တမ်း လက်တွေ့ကျတဲ့ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုလိုချင်တယ်။ မကြာခင်မှာလည်း သူတို့ဘက်ကနေပြီးတော့မှ တရားဝင် တိုင်းရင်းသားပါတီတွေကို ကမ်းလှမ်း ပြီးတော့မှ အဖြစ်သင့်ဆုံးပေါ့နော် ပြည်နယ်အစိုးရလွှတ်တော်တွေကို ဖွဲ့စည်းနိုင်ရေးတွေမှာ ၂ ဦိး ၂ ဖက်ပေါ့နော် ပူးပေါင်းပြီးတော့ ဆွေးနွေးပြီးတော့မှ အကောင်းဆုံး အဖြေရှာနိုင်တဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်တဲ့အထိကို ကျမတို့အနေနဲ့ မျှော်လင့်ပါတယ်။”

တကယ်တော့ အခုလို ပြည်နယ်အစိုးရဖွဲ့ဖို့ အတွေ့အကြုံရှိခဲ့တဲ့ မွန်ညီညွှတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်နဲ့ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကလည်း အခု NLD ကမ်းလှမ်းစာကို လက်ခံရထားပေမယ့် ပါတီတွင်းမဆွေးနွေးရသေးတာမို့ တဦးချင်းအမြင်ကို ပြောရာမှာ

“အစိုးရမဖွဲ့ခင်မှာ ကြိုတင်ပြီးတော့ သဘောတူညီချက်ရယူထားတဲ့ အပေးအယူ ကိစ္စတွေ မပါပဲနဲ့ သွားပြီးတော့ ဖွဲ့စည်းခဲ့တဲ့ ပုံစံမျိုးပဲ ရှိခဲ့တာပေါ့နော်။ ဒီတခေါက်ကတော့ ကျနော်တို့ မွန်ပါတီကလည်း ကိုယ့်ဘက်က သွားပြီးတော့ ဝန်ကြီးအဖြစ် တာဝန်ယူမယ်ဆိုရင်တောင်မှ ဘယ်လိုမျိုး အနေအထားတွေနဲ့ အပေးအယူ အလျှော့အတင်း သဘောတူညီချက်ကတွေ ကြိုတင် ဆွေးနွေးထားမလဲဆိုတာတွေတော့ကျနော်တို့ဘက်ကလည်း ပြင်ဆင်ထားတာရှိပါတယ်။”

ဒါ့အပြင် ဗမာမဟုတ်တဲ့ အကြီးဆုံး တိုင်းရင်းသားပါတီဖြစ်တဲ့ SNLD က စိုင်းကျော်ညွှန့်ကလည်း အခုလို ပြည်နယ်လွှတ်တော်နဲ့ အစိုးရမှာ ပူးပေါင်းဖွဲ့စည်းတာအပြင် ပြည်ထောင်စုအဆင့်မှာလည်း လောက်လောက်လားလား ဝန်ကြီးနေရာတွေ ပူးပေါင်းဖွဲ့စည်းလိုက်ရင် အခုပြောနေတဲ့ အမျိုးသား ညီညွှတ်ရေးအစိုးရကို အထမြောက်စေပြီး ငြိမ်းချမ်းရေးအတွက်ပါ အရာရောက်စေနိုင်တယ်လို့ အကြံပြုလိုက်ပါတယ်။

VOA