ရွေးကောက်ပွဲကာလ ကိုဗစ်အန္တရာယ် အထူးသတိထားဖို့လို

05-Nov-2020

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာပဲ မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပတော့မှာမို့ ရောဂါကူးစက်မယ့် အန္တရာယ်ကို အထူးသတိထားဖို့ ကျန်းမာရေး ပညာရှင်တွေ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။

နေ့စဉ်ကူးစက်မှု ၁,၀၀၀ ဝန်းကျင်နဲ့ သေဆုံးသူတွေ ရှိနေဆဲ ဖြစ်သလို၊ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးသူအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက်မှာ ကူးစက်မှုတွေ တွေ့ရှိနေရတာကြောင့် ကပ်ရောဂါအန္တရာယ်ကို သတိထားဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေပါတယ်။ အထူးသဖြင့် လူစုလူဝေး ရှောင်ရမယ့်အချိန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့လည်း ရှိနေတာကြောင့် နောက်ထပ် ကူးစက်မှုတွေ တိုးလာမှာကို သတိထားဖို့ လိုတယ်လို့လည်း ရန်ကုန်မှာရှိတဲ့ ဖျားနာကုအခမဲ့ဆေးခန်းတွေရဲ့ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက VOA ကိုပြောပါတယ်။

"အခုအနေအထားကတော့ ပြန်သုံးသပ်ရမယ်ဆိုရင် ဒီကာလက နည်းနည်းအရေးကြီးတယ်၊ အထူးသတိပြုပါ။ အကုန်လုံးကလည်း အပြင်တွေသွားလာနေပြီ၊ ရွေးကောက်ပွဲလည်း နီးနေပြီ၊ မဲပေးမယ့်ကိစ္စကလည်း ဒီကြားမှာရှိတော့ အထူးဂရုစိုက်ပါ။ ပိုးတွေ့တဲ့နှုန်းကလည်း တက်လည်းမတက်၊ လျော့လည်း မလျော့ဘူးပေါ့နော်။ ကြားထဲမှာ တန်းနေတော့ နည်းနည်းသတိထားရမယ်။ ကြားထဲမှာရောက်နေတော့ တက်လည်းတက်နိုင်တယ်၊ ကျလည်းကျနိုင်တယ်။ ပြည်သူလူထုတွေ သေချာဂရုစိုက် နေထိုင်သွားမယ်ဆိုရင် အခုတန်းနေတဲ့ အမှတ်အောက်ကို ရောက်သွားမယ်။ အဲလိုမဟုတ်ဘဲ သေချာဂရုမစိုက်၊ မဆင်ခြင်၊ စည်းကမ်းမလိုက်နာဘူးဆိုရင် အခုလက်ရှိတန်းနေတဲ့ အပေါ်ကိုရောက်သွားမယ်။"

ကပ်ရောဂါကြောင့် ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့ ကုန်ထုတ်လုပ်ငန်းတွေကိုတော့ ပြန်လုပ်ကိုင်ခွင့် ပေးထားတာကြောင့် သွားလာလှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့လထဲမှာပဲ စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်ဖွင့်လှစ်ရာမှာ ရောဂါကူးစက်မှု သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျန်းမာရေးစည်းမျဉ်းတွေကို ဆက်ပြီးလိုက်နာဖို့ လိုအပ်နေတယ်လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

"အခုချိန်မှာ တော်တော်များများ လူစုလူဝေးပုံစံမျိုး တွေ့လာရတယ်။ ဘာကြောင့်တွေ့လာရလဲဆိုတော့ ရုံးတွေ၊ စက်ရုံ၊ အလုပ်ရုံတွေက ပုံမှန်အတိုင်းပြန်လည်ပတ်နေပြီ။ ပြီးတော့ လိုင်းကားတွေတော်တော်များများ ထွက်လာပြီး သုံးလာကြပြီဆိုတော့ မိမိကိုယ်ကိုယ်ကာကွယ်ဖို့က အရေးကြီးလာပြီ။ Mask ချွတ်ပြီးနေတာ အခုထိတွေ့နေတုန်းပဲ။ အဲဒါကိုတော့ ဖြစ်နိုင်ရင် မလုပ်ဖို့အကြံပြုချင်တယ်။ နောက်တခုက မိမိကိုယ်ကိုယ်ကာကွယ်မှ တခြားသူကို မကူးမှာ။ ကုသတဲ့အပိုင်းမှာဆိုရင် စောစီးစွာ ကုသမှုခံယူဖို့ အရေးကြီးတယ်။ နီးစပ်ရာမြို့နယ်က Fever Clinic မှာ လာရောက်ပြသ ကုသမှုခံယူပါ။ ညဘက်တခုခုဆိုရင်လည်း အရေးပေါ်အနေနဲ့ ဆေးရုံချက်ချင်းသွားရောက် ကုသပါ။ အိမ်မှာနေပြီးတော့ ကြိတ်ပြီးတော့ တိုင်းရင်းဆေး၊ စပ်ဆေးတွေကို အတတ်နိုင်ဆုံးမသောက်ဘဲနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို သွားရောက်ကုသဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။"

ကိုဗစ်ရောဂါကာကွယ်ဆေး ပေါ်လာပြီး လူအများစု မရနိုင်သေးခင်အချိန်ထိ ကပ်ရောဂါကူးစက်မှုတွေ ကြုံရနိုင်တဲ့ အန္တရာယ် ရှိနေဆဲ ဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာ အတည်ပြုလူနာပေါင်း ၅၆,၉၄၀ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၁,၃၃၀ ဦးရှိနေပါတယ်။

Crd VOA News