နေအိမ်အပြင်မထွက်ရတဲ့ ရန်ကုန်မှာ စားဝတ်နေရေးကြောင့် အပြင်ထွက်သူ များပြား

16-Dec-2020

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေအိမ်မှာနေထိုင်ရေး အမိန့်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အမိန့်ညွှန်ကြားချက်တွေကြောင့် လနဲ့ချီပြီး အလုပ်တွေနားထားရတဲ့ ရန်ကုန်ုတိုင်းက ပြည်သူတွေဟာ ကန့်သတ်မှုတွေ အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေ ပိုပြီးကြုံလာကြပါတယ်။

ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ကပ်ဘေးမဖြစ်ခင်ကလိုပဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှုတွေ သိသိသာသာပြန်ပြီး ရှိလာနေပါပြီ။

ဒီဇင်ဘာလ ၁၆ ရက်နေ့ အထိ မြန်မာနိုင်ငံမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း တစ်သိန်းတစ်သောင်းကျော်ရှိနေပြီး ပြန်လည်သက်သာလာသူက ရှစ်သောင်းကိုးထောင်ကျော် ရှိနေပါပြီ။ သေဆုံးသူက ၂၃၁၉ ဦးပါ။

လူဦးရေထူထပ်ပြီး စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်တွေ လနဲ့ချီပိတ်ထားရပြီးတဲ့နောက် ဒီရက်ပိုင်းမှာတော့ မြို့နေပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲ တွေကြောင့် လမ်းတွေပေါ်ကို ပြန်ရောက်လာကြတာပါ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေအိမ်မှာနေထိုင်ရေး အမိန့်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အမိန့်ညွှန်ကြားချက်တွေကို ဆယ့်ငါးရက်တစ်ခါ သက်တမ်းတိုးလာတာဖြစ်ပြီး လက်ရှိမှာလည်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ ထပ်ပြီးသက်တမ်းတိုးထားပါသေးတယ်။

ဒီလိုအမိန့်ညွှန်ကြားချက်တွေ ပုံမှန်သက်တမ်းတိုးနေပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းက ကျဆင်းမသွားပဲ အလုပ်အကိုင်တွေ လနဲ့ချီရပ်နားထားရတဲ့အတွက် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲဖြစ်လာကြပြီး ပုံမှန်အတိုင်း ပြန်လည်သွားလာလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ကူးစက်သေဆုံးမှု ကျဆင်းမသွားပေမယ့် စားဝတ်နေရေး အခက်အခဲတွေကြောင့် လူတွေပြန်ထွက် လာကြတာလို့ လှည်တန်းလူမှုကူညီရေး ပရဟိတအသင်းရဲ့ အတွင်းရေးမှူး ဦးတင်မောင်ကြည်က ပြောပါတယ်။

“ပြီးတဲ့ပထမလှိုင်းတုန်းက ဧပြီ၊ မေလောက်မှဖြစ်တော့ တစ်လလောက် ရပ်တန့်သွားတယ်၊ ဒါပေမဲ့ ပြီးတော့ တစ်ခါပြန်စည်ကားလာခဲ့တယ်၊ နောက် ဒုတိယလှိုင်းဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်လောက်မှာ တစ်ခါပြန်ပြီးတော့ နည်းနည်းလေးတန့်သွားတယ်၊ ဒါပေမဲ့ ကြာလာတဲ့အခါမှာ လူတွေရဲ့စားဝတ်နေရေး ရေရှည်သွားရမယ့် အခြေအနေကရှိတော့ ပြန်ပြီးတော့ စည်းကားမြဲစည်ကားနေပါတယ်၊ ပုံမှန်အတိုင်း နီးနီးလောက်ရှိပါတယ်၊ လူတွေရဲ့ စားဝတ်နေရေးက ရက်ရှည်ဖြစ်လာတဲ့အခါကြတော့ စီးပွားရေးတွေ လူမှုရေးအခက်အခဲတွေက ကြုံတွေ့လာကြတယ်လေ၊ အဲဒါကြောင့် သူတို့ရဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းဖို့အတွက်တော့ သွားလာနေကြရတယ်လို့ ထင်ပါတယ်”

ပြောင်းလဲနေတဲ့ ကျန်းမာရေးညွန်ကြားချက်တွေအပေါ် ကောင်းတယ်၊ ဆိုးတယ်မပြောဘဲ ကူညီမှုတွေ ဆက်လုပ်သွားမှာဖြစ်ပေမယ့် ပရဟိတဝန်ထမ်းတွေရော ကျန်းမာရေးဝန်ထမ်းတွေရော အတော်လေး ပင်ပန်းနေကြပြီဖြစ်တယ်လို့ ဦးတင်မောင်ကြည်က ဆိုပါတယ်။

ရန်ကုန်မြို့ထဲက မြို့နယ်အတော်များများမှာတော့ ကားတွေလည်း ပြန်လည်ပြည့်ကြပ်လာပြီး ပြည်သူတွေလည်း လမ်းတွေပေါ်မှာအများအပြားပြန်မြင်နေရသလို အများပြည်သူသုံး ဘတ်စ်ကားတွေမှာလည်း အရင်ကအတိုင်း ပြန်ပြီးပြည့်ကြပ်နေပါပြီ။

ကပ်ရောဂါပိုး ကူးစက်မှုတွေ တိုးလာနေချိန် စည်းကမ်းမလိုက်နာသူတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေ ပိုပင်ပန်းလာတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာန ပါမောက္ခ ဒေါက်တာမော်မော်ဦး က ပြောပါတယ်။

“အဓိကကတော့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကာလကြာရှည်လာတဲ့အခါမှာ ပင်ပန်းနေကြပြီလေ၊ ပင်ပန်းနေကြတဲ့အထဲ ထပ်ထပ်တိုးနေတဲ့အခါမျိုးတွေရှိတော့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ နေ့မအား၊ ညမအား ကိုယ်ဖိရင်ဖိနဲ့ အိမ်မပြန်ပဲတောင် လုပ်နေကြပေမယ့် အပြင်မှာ ကူးစက်မှု တိုးတက်လာတာကို တွေ့ရတာရယ်၊ ဒီကူးစက်မှုအကြောင်းအရင်းဖြစ်စေတဲ့ လူစုလူဝေးတွေ နှာခေါင်းစည်း(Mask) မတပ်တာတွေ၊ ဂရုမစိုက်ဘဲနဲ့ ကာကွယ်ရေးတွေကို မလုပ်ဘဲနဲ့ နေတဲ့လူတွေကို တွေ့တဲ့အခါဆိုတော့ ဆရာ၊ ဆရာမတွေအနေနဲ့ တဖြည်းဖြည်းနဲ့တော့ ဒီလူတွေကိုတော့ ဘယ်လိုပြောမလဲ ဒီလိုလုပ်နေသရွေ့ ငါတို့ကရော ဒီဘက်ကနေ ဒီလိုပဲလုပ်နေရမှာလား ဆိုတာတစ်ခုတော့ တွေးလာပြီ၊ အဲကိစ္စကတော့ အရေးတကြီး လိုအပ်တဲ့အခြေအနေဖြစ်နေတယ်”

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ထိန်းချုပ်မှုတွေ ပိုအားကောင်းလာပြီး ပြည်သူတွေရဲ့ လိုက်နာမှု ပိုများလာမှ ကူးစက်မှုလျော့ကျလာမယ်၊ အဲဒါမှ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဝန်ပိမှုလည်း လျော့လာမယ်လို့ ဒေါက်တာ မော်မော်ဦးက ဆိုပါတယ်။

အစိုးရကတော့ တချို့သော တိုင်းနဲ့ ပြည်နယ်တွေမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကန့်သတ်ချက်တွေနဲ့ လုပ်ငန်းတွေကို ပြန်လည်ဖြေလျှော့နေပြီဖြစ်သလို ပြည်တွင်းလေကြောင်းလိုင်းတွေလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့ ကစပြီး ပြန်လည်ပြေးဆွဲခွင့်ပြုထားပါပြီ။

ပြည်သူတွေကတော့ စားဝတ်နေရေးအခက်အခဲနဲ့ ကိုဗစ်စည်းကမ်းတွေအကြား ချိန်ဆပြီး လုပ်နေကြရတယ်လို့ လှိုင်သာယာအနောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ပြောပါတယ်။

“အဲဒါကတော့ ပြည်သူတစ်ဦးချင်း တစ်ဦးချင်းနဲ့ပဲ ဆိုင်တယ်ဗျ၊ ကျွန်တော်တို့မြို့နယ် တစ်ခုလုံးနဲ့ ခြုံငုံပြီးတော့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ပြည်သူလူထုက ယခင်ထက်စာရင်တော့ စည်းကမ်းလိုက်တယ်ပေါ့ဗျာ၊ နှာခေါင်းစည်း(Mask)တွေ တပ်တာတို့ ဘာတို့တော့ တွေ့တာပေါ့ဗျာ၊

သို့သော် စားဝတ်နေရေးဆိုတဲ့ဘက်ကိုလည်း ကြည့်ရသေးတာကိုး၊ အရင်တုန်းကဆို အနံ့ပျောက်တာ နှစ်ရာလောက်ရှိတာ အခုဆိုရင်တော့ နှစ်ဆယ်လောက်ပဲ ရှိတော့တယ်၊ ပြည်သူလူထုကတော့ သူတို့ရဲ့ စားဝတ်နေရေး လိုအပ်ချက်တွေနဲ့ ဒီကိုဗစ်အတွ စည်းကမ်းသတ်မှတ်ချက်တွေ အပေါ်မှာ ချိန်ဆပြီးတော့ လုပ်နေကြတဲ့သဘောပါပဲ”

လှိုင်သာယာမြို့နယ်မှာတော့ ရောဂါအများဆုံး ဖြစ်ပွားတဲ့လတွေကို ကျော်လာပြီး ကူးစက်မှု လျော့လာပြီလို့ ဦးနေမင်းထွန်းက ပြောပါတယ်။

အစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ပြန်လည်စတင်တဲ့အချိန် စက်တင်ဘာ ၂၀ ရက်နေ့မှာပဲ ရန်ကုန်တိုင်းထဲက ကိုကိုးကျွန်းမြို့နယ်မပါ ကျန်တဲ့မြို့နယ်အားလုံး နေအိမ်မှာပဲ နေထိုင်ကြဖို့နဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။

ဒီအထဲမှာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ အစားအသောက်လုပ်ငန်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းနဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကလွဲပြီး ကျန်တဲ့လုပ်ငန်းတွေ ပိတ်ထားဖို့ပါဝင်ပါတယ်။

ဒီလိုအမိန့်ညွှန်ကြားချက်တွေကို ဆယ့်ငါးရက်တစ်ခါ သက်တမ်းတိုးလာတာ လနဲ့ချီပြီး ကြာလာချိန်မှာတော့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ရန်ကုန်မြို့မှာ စားသောက်ဆိုင်တွေပဲ ပါဆယ်စနစ်နဲ့ ရောင်းတဲ့ပုံစံနဲ့ ကျန်နေပြီး ကျန်တဲ့လုပ်ငန်းတွေ ဆိုင်တွေအားလုံးနီးပါး ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီ ဖြစ်ပါတယ်။

Photo-Mizzima

RFA Burmese