မကွေးတိုင်း မကွေးမြို့၌ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှု ဒုတိယအများဆုံးဖြစ်ပွား

14-Jan-2021

မကွေး ဇန်နဝါရီ ၁၃

ကိုဗစ် -၁၉ ရောဂါ ပိုးတွေ့လူနာပေါင်း ၃၉၁ ဦးထိရှိလာသည့်မကွေးမြို့မှာ မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံးမြို့ ဖြစ်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“မကွေးမြို့နယ်ဟာ ကိုဗစ်ဒုတိယလှိုင်းမှာ ပိုးတွေ့ရှိမှု ပိုများလာပါတယ်။ ပိုးတွေ့တဲ့သူတွေက ရန်ကုန်ပြန်တွေ အများဆုံးပါ”ဟု မကွေးမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာရဲစိုးက ပြောသည်။

မကွေးမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ အတည်ပြုလူနာကို ၂၀၂၀ ပြည့်နှစ် မတ်လကုန် ဝန်းကျင်မှ စတင်တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းအထိ ပိုးတွေ့ လူနာ ၃၉၁ ဦးထိ ရှိလာပြီဖြစ်သည်။ ပိုးတွေ့ရှိသူများထဲတွင် မြို့ပေါ်နေသူ ၂၂၂ ဦး၊ ကျေးလက်နေသူ ၁၆၉ ဦးပါဝင်ပြီး မကွေးမြို့ သိင်္ဂါရပ်ကွက်နေ သက်ကြီး အမျိုးသားတစ်ဦးမှာ ကိုဗစ်နှင့် ရောဂါအခံဆက်စပ်မှုကြောင့် သေဆုံးခဲ့ရသည်။

မကွေးမြို့နယ်အတွင်း ဇန်နဝါရီ  ၁၂  ရက်ထိ   NHL   သို့  ပေးပို့စစ်ဆေးခဲ့သူ ၂၇၈၇ ဦး၊ Test kits ဖြင့်  စစ်ဆေးခဲ့သူ ၇၇၉၁ ဦးရှိခဲ့ကြောင်း၊  ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများတွင် ပိုးတွေ့ရခြင်းမရှိဘဲ  လူနာများကို ဆေးကုသစောင့် ရှောက်ပေးကြသည့် ဆေးရုံများမှ သူနာပြုနှင့်ဆရာဝန်များ ပိုးကူးစက်ခံခဲ့ရ ကြောင်း သိရသည်။

လုပ်ဆောင်လျက်ရှိ

မကွေးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှု အခြေအနေကြောင့် ရွာလုံးကျွတ် အသွားအလာ ကန့်သတ်ခြင်း၊ ရပ်ကွက်အလိုက် အသွားအလာကန့်သတ်ခြင်းများ လုပ်ဆောင်ခဲ့ကာ ယခု နောက်ပိုင်းတွင် ပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူများ၏ အိမ်များကိုသာ ၁၄ ရက် အသွားအလာကန့်သတ်ခြင်း လုပ်ဆောင်လျက်ရှိသည်။

ယနေ့ ညနေ ၆ နာရီထိ မကွေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ် -၁၉ ရောဂါ ပိုးတွေ့ လူနာစုစုပေါင်း ၂၈၈၆ ဦး ရှိခဲ့ပြီဖြစ်သည်။ မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့မှု အများဆုံးမှာ အောင်လံမြို့နယ်ဖြစ်ပြီး ဒုတိယပိုးတွေ့မှု အများဆုံးမှာ မကွေးမြို့နယ်၊ တတိယပိုးတွေ့မှုအများဆုံးမှာ မြို့သစ်မြို့နယ်တို့ ဖြစ်ကြောင်း၊ ပိုးတွေ့ရှိမှု အနည်းဆုံးမြို့နယ်များမှာ မင်းတုန်းမြို့နယ်နှင့် ထီးလင်း မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

ဇေယျတု(မကွေး)