ကိုဗစ်ကူးစက်မှုနဲ့ဆက်စပ်ပြီး မြန်မာမုန်းတီးမှုတွေ ထိုင်းမှာ ပျံ့နှံ့

25-Dec-2020

မြန်မာနိုင်ငံက တရားမဝင်ရွေ့ပြောင်း အလုပ်သမားတွေအကြား Covid-19 ကူးစပ်မှု မြင့်တက်လာနေတာကြောင့် ထိုင်းနိုင်ငံရဲ့ လူမှုမီဒီယာတွေမှာ မြန်မာအလုပ်သမားတွေနဲ့ပတ်သက်လို့ လူမျိုးရေးအမုန်းစကားတွေ၊ ပြစ်တင်ဝေဖန်မှုတွေ ပျံ့နှံ့လာနေတယ်လို့ ရိုက်တာသတင်းတရပ်က ဆိုပါတယ်။

မြန်မာအလုပ်သမားတွေ အလုပ်လုပ်ကြတဲ့ ဘန်ကောက်မြို့အနီးက Samut Sakhon ပင်လယ်စာဈေးမှာ ပထမဆုံး Covid-19 ပိုးစမ်းသပ်တွေ့ရှိပြီးနောက် ကူးစက်မှု ၁၃၀၀ ခန့်မြင့်တက်လာတာမို့ မြန်မာအလုပ်သမားတွေကို တွေ့တဲ့နေရာမှာ ပစ်သတ်ဆိုတဲ့ မှတ်ချက်မျိုးတွေလည်းတွေ့Youtube လို ဆိုရှယ်မီဒီယာတွေမှာ တွေ့လာနေရပါတယ်။

ဒီလိုစိတ်ခံစားချက်တွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာတွေကို ဘတ်စ်ကားစီးနင်းခွင့်၊ မော်တော်ဆိုင်ကယ် taxi စီးနင်းခွင့်နဲ့ ရုံးကနားသွားလာခွင့်တွေကိုလည်း ကန့်သတ်ခံလာနေရတာပါ။

ရွေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အလုပ်သမားကာကွယ်ရေးကွန်ရက်က Sompong Srakaew ကတော့ ဒီရောဂါဟာ လူသူမရွေးကူးစက်ပျံ့ပွားတတ်ပေမယ့် မြန်မာတွေကို Covid-19 ရောဂါဖြန့်ဝေသူတွေအဖြစ် တံဆိပ်ကပ်နေကြတယ်လို့ဆိုပါတယ်။

ဒီကပ်ရောဂါစတင်ပျံ့ပွားစဉ်ကတည်းက တကမ္ဘာလုံးအတိုင်းအတာနဲ နိုင်ငံခြားသားတွေကို ပြစ်ဝေဖန်ကြတာလည်းဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ဒီအပတ်ထဲပြောကြားရာမှာတော့ နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားတဲ့ ထိုင်းနိုင်ငံမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ခြင်းက နိုင်ငံတဝှမ်း ကူးစက်ပျံ့နှံ့လာမှုရဲ့ နောက်ကွယ်မှာရှိနေတဲ့ အကြောင်းတရားလို့ဆိုပါတယ်။

လွတ်လပ်တဲ့ လူမှုမီဒီယာစောင့်ကြည့်ရေးအဖွဲ့တွေက ရိုက်တာသတင်းကို ပြောဆိုရာမှာတော့ Youtube Facebook နဲ့ Twitter စတဲ့ လူမှု မီဒီယာတွေမှာ မြန်မာအလုပ်သမားတွေနဲ့ပတ်သက်လို့ ရာချီတဲ့ အမုန်းစကားမှတ်ချက်တွေ တွေ့ရှိနေရတယ်လို့ဆိုပါတယ်။ Facebook ကတော့ အဲဒီအမုန်းစကား တော်တော်များများကို ဖျက်ပစ်လိုက်ပြီလို့ပြောပါတယ်။

ထိုင်းနိုင်ငံထဲ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ ၁.၆ သန်းရှိနေပြီး ဒါဟာ တနိုင်ငံလုံးမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ သုံးပုံနှစ်ပုံဖြစ်ပါတယ်။ တရားမဝင် ဝင်ရောက်လာသူတွေကြောင့် အမှန်တကယ်ရှိတဲ့ အရေအတွက်ဟာ ဒီအရေအတွက်ထက် အဆမတန်များတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ Covid-19 တိုက်ဖျက်ရေးအဖွဲ့ကတော့ မြန်မာနဲ့ထိုင်းဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတာမို့ သည်းခံကြဖို့ ရုပ်မြင်သံကြားကတဆင့် မေတ္တာရပ်ခံထားပါတယ်ခင်ဗျာ။

VOA News