ကျန်းမာရေးစစ်ဆေးမှာကိုရှောင်ပြီး ပုသိမ်ကို ဝင်လာသူထံမှ ပိုးတွေ့ရှိ

03-Dec-2020

ရန်ကုန်ကလာပြီး ပုသိမ်မြို့အဝင်မှာ ကျန်းမာရေးစစ်ဆေးမှာကို ရှောင်ချင်တဲ့အတွက် တောလမ်းကနေ မြို့ထဲဝင်ရောက်ခဲ့သူတဦးဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။ သူနဲ့အတူပြန်လာပြီး မြို့အဝင်ဂိတ်ကို ရှောင်ရင်း တောလမ်းကနေ မြို့ထဲဝင်ရောက်ခဲ့သူ ၈ ယောက်ကိုလည်း ကျန်းမာရေးဌာနက စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ကနေ ပုသိမ်မြို့ကို ကျန်းမာရေးစည်းကမ်းတွေ ချိုးဖောက်ပြီး တရားမဝင် ပြန်ရောက်လာသူ တစ်ဦး ဆီကနေ ဒီဇင်ဘာလ ၁ ရက်နေ့ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာပါ။

အဲဒီသူဟာ ရန်ကုန်မြို့ လှိုင်သာယာကနေ Light Truck ကားနဲ့ ပုသိမ်မြို့အဝင် ကိုးဆူဂိတ်အနီးအထိ ပြန်လာ ပြီး ကားသမားစီစဉ်ပေးတဲ့ ဆိုင်ကယ်နဲ့ တောလမ်းကနေ ပတ်ပြီး မြို့ထဲကို ဝင်ခဲ့တာပါ။ ပုသိမ်မြို့ထဲကို ကျန်းမာရေး စည်းကမ်းချိုးဖောက်ပြီးဝင်နိုင်ဖို့ မြို့အဝင်စစ်ဆေးရေးဂိတ်မရောက်ခင် ကားပေါ်ကဆင်းပြီး ကိုးဆူကျေးရွာ ရဲ့တောလမ်းကို အသုံးပြုခဲ့တာပါ။ အဲဒီလူလိုပဲ တရားမဝင်လိုက်ပါခဲ့ပြီး မြို့ထဲထိမလိုက်ဘဲ လမ်းမှာဆင်းသွား တဲ့သူ ၈ ယောက်ရှိတယ်လို့ သိရပါတယ်။

ပိုးတွေ့လူနာဟာ သူ့မှာ ဗိုင်းရပ်စ်ပိုးရှိ၊မရှိ သိနိုင်ဖို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ သွေးလှူပြီး သွေးစစ်ဖို့ကြိုးစား ခဲ့တာဖြစ်တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် က ပြောပါတယ်။

“ညနေ ၆ နာရီလောက်မှာ သူဆေးရုံရှေ့ကို ရောက်လာတယ်။ ရောက်လာပြီးတော့ ထမင်းဆိုင်မှာ ထမင်းစားတယ်။ ထမင်းစားပြီးတဲ့အခါကျတော့ သူရွာကို ပြန်ရင် သူ့ရွာက ရှမ်းရွာ ၊ကန်ကြီးထောင့် ရှမ်းရွာ ပြန်ရမှာ။ သူ့စိတ်ထဲမှာလည်း မသကာၤဘူး ထင်တယ်။ အဲ့ဒီတော့ သူဘယ်လိုစဉ်းစားမိလဲ ဆိုတော့ သွေးလှုရင် သွေးစစ် လိမ့်မယ်။ သွေးစစ်ရင် ပိုး ရှိ၊ မရှိ သူသိလိမ့်မယ်လို့ သူ့စိတ်ထဲမှာ စဉ်းစားလိုက်တယ်။ အဲ့ဒီတော့ သူသွေးလာ လှူမယ်ဆိုပြီးတော့ သွေးလှူဘဏ်ကို ရောက်လာတာ”

သွေးလှူဘဏ်ကနေ သွေးလက်ခံမယ့် ခွဲစိတ်ဆောင်ကို ရောက်ချိန်မှာ ဆရာဝန်ကမေးမြန်းတော့မှ ရန်ကုန်က တရားမဝင်ပြန်ရောက်လာပြီး ကွာရန်တင်းဝင်မထားတာကို ဝန်ခံခဲ့တယ်လို့ ဒေါက်တာသန်းမင်းထွဋ် က ပြောပါတယ်။အဲဒီလိုဝန်ခံခဲ့ပြီးနောက် စစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ရှိခဲ့ပါတယ်။ အဲဒီလူဟာ ပုသိမ် ပြည်သူ့ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း ၁၂ ဦးနဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ဒေါက်တာသန်းမင်းထွဋ် က ပြောပါတယ်။

“ သူ Positive ဖြစ်တဲ့အခါကျတော့ သူနဲ့ ဓာတ်ခွဲခန်း သွေးလှုဘဏ်မှာ ထိတွေ့ခဲ့တဲ့ လူတွေရှိတယ်။ နောက် ပြီးတော့ သူ့ကိုလိုက်ပို့တဲ့ အလုပ်သမားတွေရှိတယ်။ သူနဲ့ စကားပြောတဲ့ ဆရာတွေ ၊ဆရာမတွေ ရှိတယ်။ အဲ့ဒီကနေတဆင့် ထပ်ဆင့်ထိထားတဲ့ သူတွေရှိတယ်။ အားလုံးပေါင်းလိုက်တော့ ၁၂ ယောက်လောက် က Contact တွေ ဖြစ်သွားတယ်”

ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သီးခြားခွဲထုတ်စောင့်ကြည့်နေပြီး ၇၂ နာရီ ကြာတဲ့ အခါမှာ ဆေးစစ်မယ်လို့ ဒေါက်တာသန်းမင်းထွဋ် က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သူနဲ့ ကားအတူစီးလာတဲ့သူက ၁၂ ယောက်ရှိပြီး ကလေးငယ် ၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကိုးဆူကျေးရွာသားတွေကတော့ ရောဂါကူးစက်မှာကို ကြောက်နေကြပြီး ပိုးတွေ့လူနာကို တရားမဝင်လိုက်ပို့တဲ့ ဆိုင်ကယ်တက်စီသမားကို စုံစမ်းနေဆဲဖြစ်တယ်လို့ ကိုးဆူကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်း က ပြောပါတယ်။

“ ကြောက်ကုန်ပြီပေါ့။ ဒီသတင်းက Facebook ပေါ်မှာလည်း တက်လာတယ်လေ။ Taxi သမားတွေ တောင် တစ်ယောက်မှ မတွေ့တော့ဘူး။ ဘယ်သူမှန်းမသိတာ က ကျနော်တို့က စုံစမ်းနေတုန်းပဲ၊ သူတို့ကတော့ အဖြစ်မှန် ဘယ်ပြောမလဲ။ ဒါပေမယ့် ပေါ့စတစ်သမားက လူပုံစံ ဘယ်လိုပုံစံလဲဆိုတာကို ဒါလေးလောက် ပြောပြရင် ကျနော်တို့ ချိတ်ဆက်လို့ ရပါတယ်။”

လက်ရှိအခြေအနေမှာ ဆိုင်ကယ်တက်စီသမားကို ရှာလို့မတွေ့သေးသလို၊ ပုသိမ်မြို့နယ်ထဲ မရောက်ခင် လမ်းမှာဆင်းသွားတဲ့ တရားမဝင်လိုက်ပါခဲ့သူ ၈ ဦး ကိုလည်း စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ တရားမဝင် ဝင်ရောက်ခဲ့တဲ့ ပိုးတွေ့လူနာနဲ့ ကားသမား ၃ ဦးကို သီးခြားခွဲထုတ်စောင့်ကြည်နေပြီး နောက်ပိုင်းမှာ သဘာဝဘေအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေး က ပြောပါတယ်။

“လောလောဆယ်ကတော့ သူ့ကို အရေးယူရမယ်။ သူ့ကို တရားမဝင် သယ်ဆောင်လာတဲ့ ကားသမား ၃ ယောက် ကို ကျနော်တို့က ကွာရန်တင်းထည့်ထားတယ်။ သူ့ကိုလည်း တိုင်းရင်းဆေးရုံမှာ ကုသမှုလုပ်ထားတယ်။ အဲ့ဒါ တွေပြီးတဲ့ အခါမှာ ကွာရန်တင်းထွက်တာနဲ့ သဘာဝဘေးစီမံဥပဒေ ပုဒ်မ ၂၅ နဲ့ အရေးယူဖို့ လုပ်ထားပါတယ် “

တောလမ်းကနေ ပုသိမ်မြို့တွင်းကို တရားမဝင် ဝင်ရောက်လို့ ရနေတဲ့ အခြေအနေကို တားဆီးဖို့အတွက် လက်ရှိစစ်ဆေးနေတဲ့ မြို့အဝင်ဂိတ်ကို ရှေ့တိုးပြီး ရွှေ့ပြောင်းဖွင့်လှစ်ဖို့ တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

Stay Home သတ်မှတ်ထားတဲ့ ပုသိမ်မြို့ကို တရားမဝင် ဝင်ရောက်လာတဲ့ ပိုးတွေ့လူနာဟာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း နယ်စပ်ဂိတ်အပါအဝင် ဂိတ်အဆင့်ဆင့်ကို ကျော်ဖြတ်လာပြီး ထိတွေ့မှုတွေ ရှိတဲ့အတွက် ဒေသခံပြည်သူတွေက စိုးရိမ်နေပါတယ်။

RFA