ရခိုင်မှာရွေးကောက်ပွဲမလုပ်ဖြစ်ခဲ့ရင် စစ်ပြန်ဖြစ်မှာ စိုးရိမ်နေကြ

18-Dec-2020

သန့်ဇင်ဦး

 ရခိုင်ပြည်နယ်အတွင်း AA ရက္ခိုင့်တပ်တော်က တောင်းဆိုထားတဲ့ ရွေးကောက်ပွဲသာ အချိန်မှီ မကျင်းပဖြစ်ရင် ဆွေးနွေးပွဲတွေရပ်ပြီး တိုက်ပွဲတွေပြန်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ဒီနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် ရွေးကောက်ပွဲကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၂ ရက်နေ့ က တောင်းဆိုထားပြီး၊ အဲဒီသဘောထားကို တပ်မတော်က ကြိုဆိုလိုက်တဲ့နောက်ပိုင်း နှစ်ဘက်အပြင်းအထန် တိုက်ခဲ့တဲ့ စစ်ပွဲတွေ ချက်ချင်း ရပ်သွားခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ နှစ်ဘက်တပ်ခေါင်းဆောင်တွေလည်း အွန်လိုင်းပေါ်မှာ ပဏာမဆွေးနွေးကြပြီးတဲ့နောက် လူချင်းပါ ၀ ဒေသ ပန်ဆန်းမှာတွေ့ပြီး ဆွေးနွေးခဲ့ ကြပါတယ်။

ဒါကြောင့် စစ်ရေးသမားတွေကိုယ်တိုင်က နိုင်ငံရေးဘောင်ချဲ့ဖို့ တောင်းဆိုလာတာကို အလေးမထားလို့ မရဘူးလို့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်အမှုဆောင် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"သူတို့ဟာ စစ်ရေးသမားတွေပါ၊ အခုလို နိုင်ငံရေးဘက်ကို တောင်းဆိုတယ်ဆိုတာက ထူးထူးခြားခြား ကောင်းတဲ့အလားအလာတစ်ခု ဖြစ်သွားတာပေါ့၊ ကျွန်တော်တို့ဟာ စစ်ရေးမဟုတ်ဘဲ နိုင်ငံရေးကိုလည်း လိုလားတယ်ဆိုတဲ့ သဘောကိုပြတာ၊ သူတို့အတွက် ဒီရွေးကောက်ပွဲဟာ မဖြစ်မနေလုပ်ရမယ့် သူတို့ လိုချင်တဲ့ကိစ္စတော့ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်တစ်ခု ဆုံမှတ်တစ်ခု အောက်မှာ တပ်မတော်နဲ့ အေအေ သဘောတူညီချက်ရပြီးတော့ ဒီအပေါ်မှာ ကြေညာချက်စထုတ်တယ်၊ တစ်ဘက်ကလည်း ဒီအပေါ်မှာစပြီးတော့ ထောက်ခံတယ်၊ ဒါကိုကျွန်တော်တို့ အလေးထားရမယ့်ကိစ္စ ဖြစ်တယ်၊ ဆိုတော့ ဒါနိုင်ငံရေးဘောင်ကို ချဲ့ဖို့အတွက် စစ်ရေးသမားတွေကိုကိုယ်တိုင်က တောင်းဆိုတာကို အလေးမထားလို့မရဘူး။"

၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပေးပို့တဲ့ တပ်မတော်ရဲ့ သဝဏ်လွှာမှာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲလုပ်ရင် လုံခြုံရေး တာဝန်ယူပေးနိုင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောထားသလို နိုင်ငံတော် သမ္မတရဲ့ သဝဏ်လွှာမှာလည်း ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲတွေလုပ်နိုင်ဖို့ အဖွဲ့အစည်းအသီးသီးက ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

နှစ်ဘက်တပ်တွေ သဘောတူကြတဲ့ ရွေးကောက်ပွဲအမြန်ကျင်းပရေးကို အကောင်အထည်ဖော်နိုင်ခဲ့ရင်တော့ ငြိမ်းချမ်းရေးအတွက် အချက်အလက်တစ်ခုဖြစ်နိုင်ပြီး မဟုတ်ရင် တိုက်ပွဲသံတွေ ပြန်ကြားနိုင်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးသုံးသပ်သူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

"အခုကကြည့်ရတာတော့ဗျာ ရွေးကောက်ပွဲတော့ ဖြစ်မယ့်သဘောတော့ရှိပါတယ်၊ ဒါပေမဲ့ ငြိမ်းချမ်းရေး ကတော့ အာမခံချက်မရှိပါဘူး၊ ရွေးကောက်ပွဲပြီးရင် သေနတ်သံတွေ ပြန်ထွက်လာနိုင်ခြေလည်း ရှိပါသေးတယ်၊ ရွေးကောက်ပွဲကနေတဆင့် ငြိမ်းချမ်းရေးကို သွားနိုင်မလား၊ ငြိမ်းချမ်းရေးကိုသွားဖို့ ထားလိုက်ဦး။ ဒီအပစ်ရပ်စဲမှုကို ဆက်ထိန်းနိုင်မလားဆိုတာတောင် ကျွန်တော်တို့ သိပ်ပြောလို့ မရသေးပါဘူး၊ အေအေရဲ့ရည်ရွယ်ချက်ကလည်း ရွေးကောက်ပွဲကျင်းပဖို့ပဲ ပြောတာကိုး၊ အဲဒါကြောင့် ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲပြီးရင်တော့ စစ်ပွဲတွေပြန်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ သိပ်ပြီးတော့ မှန်းဆရခက်ပါတယ်။"

တပ်မတော်ဘက်ကတော့ ငြိမ်းချမ်းရေးရဖို့အထိ လုပ်ဆောင်နေတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

"တပ်မတော်အနေနဲ့ကတော့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနေတဲ့အချိန် ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းနေတဲ့အချိန်မှာတော့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာစေဖို့ တိုက်ပွဲတွေမရှိစေဖို့အတွက်ကတော့ လိုအပ်တဲ့ ဆက်လက်ဆောင်ရွက်မှုတွေကတော့ ရှိနေမှာပဲဖြစ်ပါတယ်၊ တပ်မတော်ကတော့ အဓိကထားပြီး ဆွေးနွေးတာကတော့ နှစ်ဘက်တပ်များ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ အဲဒီကနေတဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်ဖို့အတွက်ပဲ အဓိကထားပြီး ရည်ရွယ်ပြီးဆွေးနွေးနေတာ ဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ ဒီတိုက်ပွဲများ မဖြစ်ပွားစေရေး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနေတာ ပိုခိုင်မာ လာစေရေး တစ်ခုခုနဲ့ တစ်ခု ယုံကြည်မှုပိုတိုးတက်လာစေရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လျှောက်လှမ်း နိုင်ရေးအတွက်ပဲ ကျွန်တော်တို့ဦးတည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ကျောက်တော်၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေမှာ အစိုးရနဲ့တပ်မတော်ရဲ့ လုံခြုံရေး အကြံပြုချက်အရ ရွေးကောက်ပွဲမကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲအမြန်လုပ်ဖို့ နိုင်ငံတော် သမ္မတက တိုက်တွန်းနေသလို တပ်မတော်ကလည်း လုံခြုံရေးယူပေးမယ်လို့ ပြောထားပေမယ့် UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က သဘောထား ထွက်မလာသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအောင်နိုင်ရေး ကော်မတီ ပြောခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် ကတော့ ရွေးကောက်ပွဲကျင်းပမယ့်ကိစ္စဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကသာ ဆုံးဖြတ်ရမယ့် ကိစ္စသာဖြစ်တယ်လို့ ဒီဇင်ဘာ ၁၁ ရက်နေ့က RFA ကို ပြောထားပါတယ်။

ရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်တဲ့ New Myanmar Foundation က ဒေါ်မြနန္ဒာသင်း က RFA ကို အခုလိုပြောပါတယ်။

"လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၉ (က) နဲ့ (ခ) ပေ့ါနော်၊ (ခ) မှာ သူကရေးထားတာက ပုံမှန် သက်တမ်းရဲ့ ပထမနှစ်နဲ့ ပဉ္စမနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲမပြုရဆိုတဲ့ ဟာလေးပါတယ်၊ ဒါပေမဲ့ တစ်ချို့တွေကြတော့လည်း တစ်ချို့တွေက ယူဆကြတာကလည်း ဒါကကြားဖြတ်ရွေးကောက်ပွဲ မဟုတ်ဘူး။ အရင်တုန်းကလုပ်ရမယ့် အထွေထွေရွေးကောက်ပွဲနေရာမှာပဲ မလုပ်ဖြစ်တဲ့အတွက် ဒီဟာကို ကြားဖြတ်ရွေးကောက်ပွဲလို့ မယူဆနိုင်ဘူးပေါ့နော်၊ နောက်ဆက်တွဲကျင်းပတယ်လို့ပဲ တချို့ကလည်း ယူဆတယ်။"

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကလည်း ဒီနေရာတွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေး အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ပြောထားပါတယ်။

ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပပေးဖို့ အစီအစဉ်ရှိ၊ မရှိဆိုတာကိုသိရဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကို RFA က ဖုန်းနဲ့ရော အီးမေးလ်နဲ့ပါ မေးမြန်းပေမယ့် အကြောင်းပြန် ဖြေဆိုတာမရှိပါဘူး။

ရွေးကောက်ပွဲ အမြန်ကျင်းပပေးလိုက်ရင် အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းသွားမယ်လို့ မြန်မာ့ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ပါဝင်ကူညီနေတဲ့ ဂျပန်နိုင်ငံရဲ့ အထူးကိုယ်စားလှယ် ယိုဟီဆာဆာကာဝါ ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့လက အကြံပေး တိုက်တွန်းထားပါတယ်။ ဒီအပေါ်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက်မရသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် အခုဆိုရင် အစိုးရ၊ တပ်မတော်နဲ့ AA တို့ သုံးပွင့်ဆိုင် ဇာတ်လမ်းမှာ တပ်မတော်နဲ့ AA တို့ရဲ့ အပစ်ရပ်ငြိမ်းချမ်းရေးခြေလှမ်းအစ ပေါ်ထွက်နေပြီး၊ အစိုးရရဲ့ခြေလှမ်းက ပေါ်ထွက်မလာသေးပါဘူး။ ရွေးကောက်ပွဲပြန်ကျင်းပရေးအပေါ်မှာ တည်ဆောက်လာတဲ့ ရခိုင်ပြည်နယ်က အပစ်ရပ်ရေး၊ ဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေးကို သုံးဘက်လုံးတစ်ညီတည်းလှမ်းမှ ပိုမိုချောမောအောင်မြင်မယ့် အခြေအနေရှိတာကြောင့် တစ်ဘက်ဘက်က ပါမလာတာနဲ့အမျှ ချောမွေ့ဖို့ခက်ခဲနေသလို၊ အရင်လို တိုက်ပွဲသံတွေ ပြန်ထွက်လာမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

RFA