ရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့ ပါတီ (၁၉) ခု သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

25-Nov-2020

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC ) ကို အရေးယူပေးဖို့ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ (၁၉) ခုက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီက နိုဝင်ဘာ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

UEC အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ ဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေကို ပျက်ကွက်နေလို့ စာပေးပို့တာဆိုပြီး သူတို့ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

တည်ဆဲဥပဒေ ၊နည်းဥပဒေတွေနဲ့ ဆန့်ကျင်တဲ့ အမိန့်ကြေငြာချက်တွေ ထုတ်ပြီး ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို စံ(၅) ချက်နဲ့အညီ လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပဖို့ တာဝန်ဝတ္တရားပျက်ကွက်ခဲ့တဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ပျက်ကွက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သမ္မတရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့် အရ ဥပဒေနဲ့အညီ ဆောလျင်စွာစုံစမ်းစစ်ဆေးအရေးယူပေးဖို့ တိုင်ကြားတယ်ဆိုပြီးလည်း ဖော်ပြထားပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလိုလားအပ်တဲ့ တရားမဲ့ ပြုကျင့်မှုတွေ အများအပြားဖြစ်ပေါ်စေခဲ့တာကြောင့် လွပ်လပ်ပြီး တရားမျှတတဲ့ ၊ ပွင့်လင်းမြင်သာတဲ့၊ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲတစ်ခုလို့သတ်မှတ်လို့ မရနိုင်တဲ့ အခြေအနေတစ်ခုဖြစ်တယ်လို့လည်း အဲဒီအိတ်ဖွင့် ပေးစာမှာထည့်သွင်းဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ မျှတမှုမရှိတဲ့ ဆောင်ရွက်မှု၊ ဆုံးဖြတ်မှု၊ ကြီးကြပ်မှု တွေကြောင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေအပါအဝင် နိုင်ငံသားတိုင်း တန်းတူညီမျှမှု၊ လွပ်လပ်မှု၊ တရားမျှတမှုအခွင့်အရေးတွေ နစ်နာဆုံးရှုံးနေရတယ် လို့ ရေးသားထားပါတယ်။

ဒီစာကို လက်မှတ်ထိုးတဲ့ပါတီတွေထဲမှာ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) စတဲ့ပါတီတွေ ပါဝင်တာကိုတွေ့ရပါတယ်။

ဘီဘီစီမြန်မာပိုင်း