မလေးရှားက တရားမဝင်မြန်မာအလုပ်သမားတွေ တရားဝင် အလုပ်လုပ်ခွင့်ရပြီ

17-Nov-2020

ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်အလုပ်သမားအဖြစ် အလုပ်လုပ်ခွင့်ပြုလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ လာမဲ့ ၂၀၂၁ ခုနှစ် ဇွန်လထိ တရားဝင် မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် မလေးရှား အစိုးရကခွင့်ပြုလိုက်တာပါ။  

နိုဝင်ဘာလ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး   တရားမဝင်အလုပ်သမားတွေအတွက် လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းနဲ့ နေရပ်ပြန်နိုင်ဖို့နဲ့ မလေးရှားနိုင်ငံမှာ အလုပ်ဆက်လုပ်မယ် ဆိုရင်လည်း တရားဝင် အလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် တရားဝင်ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ကျော်မင်းက ပြောပါတယ်။

“တရားမဝင် အလုပ်သမားတွေကို တရားဝင်လျှောက်တဲ့အခါမှာ သူက အလုပ်ရှင်ရှိရမယ်။ အလုပ်ရှင်ကနေ immigration ကို အီးမေးလ်နဲ့ လျှောက်ရမယ်။ အဲဒီအီးမေးလ်နဲ့လျှောက်ပြီး တကယ်လို့ ကျရင် စက်ရုံကို သွားစစ်မယ်။ အလုပ်သမားတွေကိုပါစစ်မယ်။ အဲဒီလိုအလုပ်သမားတွေကို စစ်တဲ့အခါမှာ သူတို့က ကိုဗစ် ၁၉ ကြိုတင်စစ်ထားဖို့၊ သူတို့ အဲဒီလို ကွင်းစစ်ဆေးပြီးတော့ approval ကျမှ တခြား permit ကိစ္စတွေ ဆက်ပြီးသွားမယ်ပေါ့။ သူတို့ကတော့ အဲဒီလို တရားဝင် ထုတ်ပြန်ထားတယ်”

မလေးရှားအစိုးရအနေနဲ့ တရားမဝင် အလုပ်သမား ပပျောက်လိုတာတွေ၊ အလုပ်သမား လိုအပ်ချက်တွေကြောင့် အခုလို အလုပ်သမားတွေကို တရားဝင် ဖြစ်အောင်လုပ်ပေးတာ ဖြစ်တယ်လို့  ဦးအောင်ဇော်မင်းက ပြောပါတယ်။

“အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ ၃ ခုလောက်တော့ ရှိလိမ့်မယ်။ ပထမတခုကတော့ တရားမဝင်အလုပ်သမား ပပျောက်ချင်မယ်။ နောက်တခုကတော့ သူ့နိုင်ငံမှာ အလုပ်သမားအသစ်က ခေါ်လို့မရသေးဘူး။ ဒီနိုင်ငံရဲ့ လုပ်သားလိုအပ်ချက်အရ ရှိလာနိုင်တယ်။ သူတို့ပြောတာကတော့ 3D လုပ်ငန်းအမျိုးအစားတွေမှာ နည်းတော့ အဲဒါတွေအတွက်လည်း သူ့နိုင်ငံမှာရှိတဲ့ တရားမဝင် အလုပ်သမားတွေကို ပြန်သုံးချင်တာလည်း ပါလိမ့်မယ်။ နောက်တခုကတော့ အစိုးရရဲ့ ဘက်ဂျက်ကို ပြန်ဖြည့်ချင်တာလည်း ရှိလိမ့်မယ်ထင်တယ်”

အလုပ်သမားတဦးအနေနဲ့ တရားမဝင်နေထိုင်ခဲ့တဲ့ ဒဏ်ကြေးအဖြစ် မလေးရှား ရင်းဂစ် ၁၅၀၀ အပါအဝင် ကိုဗစ်ရောဂါပိုး စစ်ဆေးတာတွေ၊ အနည်းဆုံး ၆၀၀၀ လောက် ကုန်ကျနိုင်မှာ ဖြစ်ပါတယ်။

တခြားကုန်ကျစရိတ်တွေကို အလုပ်ရှင်ဘက်က ကုန်ကျဖို့ တရားဝင်ဥပဒေ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အလုပ်ရှင်ဘက်က အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်မှာကို စိုးရိမ်တယ်လို့ သူက ပြောပါတယ်။ မြန်မာလုပ်သားတွေကို တရားဝင်ဖြစ်အောင် လုပ်ပေးတာကို ကြိုဆိုပေမဲ့ ကုန်ကျစရိတ်တွေကို မြန်မာလုပ်သားတွေ ကိုယ်တိုင် ကုန်ကျရမယ်ဆိုရင် မဖြစ်သင့်ဘူးလို့ ဦးအောင်ဇော်မင်းက ပြောပါတယ်။

ဓမ္မရတနာရွှေမြန်မာ လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်က မလေးရှားအစိုးရက တရားမဝင် မြန်မာအလုပ်သမားတွေကို တရားဝင်လုပ်ပေးမှုအပေါ် ကောင်းမွန်ပေမဲ့ ကုန်ကျစရိတ်များလွန်းတာရယ်၊ နောက်ပိုင်း အဖမ်းအဆီးတွေ ပိုလုပ်လာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

“အဲဒီလို လုပ်ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ လုပ်ပေးတဲ့အပေါ်မှာ ဝမ်းသာတယ်ဆိုပေမဲ့ သူတို့က ဒဏ်ကြေးတွေ လာဦးမှာလေ။ အလုပ်သမားတဦးက ပါမစ်လုပ်တယ်ဆိုရင် အနည်းဆုံး ၆ထောင်နဲ့ ၇ ထောင်ကြားမှာ ကုန်တယ်။ တစ်နှစ်စာအတွက် ဒီကအလုပ်သမားတွေ ဆိုတာကလည်း လကုန်ရင် သက်ဆိုင်ရာမိသားစုကို ရတဲ့ငွေလွှဲ၊ လက်ထဲမှာ ၁ဝဝ ၁၅၀ ပဲ ကျန်ထားတာ။ လူ ၁၀၀ မှာ ၉၀ လောက်က အဲဒီလိုတွေပဲ။ ဒီမှာက over stayed သမားတွေ အများကြီး။ ဒီလို လုပ်ပေးလိုက်ရင်တော့ ဝမ်းသာကြပါတယ်။ အကုန်လုံးက။ ဒါပေမဲ့ ဒီလိုလုပ်ပေးပြီးသွားရင် သူတို့ ဒီလို လုပ်ပေးရက်သားနဲ့ မလုပ်ဘူးဆိုရင် အဖမ်းအဆီးတွေက ဒီထက်ပိုပြီးတင်းကြပ်လာမှာ အဲဒါတွေက ရှိသေးတယ်”

ပတ်စ်ပို့က အနည်းဆုံး သက်တမ်း ၁ နှစ်နဲ့ ၈ လရှိဖို့ လိုအပ်ပြီး တချို့ အလုပ်သမားတွေဟာ ကောင်းတဲ့ အလုပ်ရှင်နဲ့ တွေ့ရင်တော့ အခက်အခဲမရှိပေမဲ့၊ တချို့အလုပ်သမားတွေက အလုပ်ရှင်က အနည်းဆုံးတော့ ကုန်ကျစရိတ် တဝက်တော့ ပြန်တောင်းတာရှိတယ်လို့ ဦးမျိုးချစ်က ပြောပါတယ်။

“ပါမစ်ရမယ်ဆိုရင်တော့ ၅၀ ရာခိုင်နှုန်းကတော့ လုပ်ချင်တယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ ဖြစ်ချင်ရင်ဖြစ် ဒီလောက်ပိုက်ဆံအကုန်မခံနိုင်ဘူး။ ဒါတောင် လက်ထဲ ပတ်စ်ပို့က ရှိဦးမှ။ တချို့ဆို လူတော်တော်များများ over stayed သမားတွေက တစ် အချက် အောက်လမ်းကနေ လာတာ။ ဘာစာအုပ်မှ မရှိဘူးတဲ့လူတွေ။ နှစ်အချက် တရားဝင်လာတယ်။ လုပ်တဲ့စက်ရုံက သူဌေးမကောင်းတာ၊ လစာနည်းတာတို့ အကြောင်းအမျိုးမျိုးနဲ့ ထွက်ပြေးပြီး တခြားစက်ရုံမှာ ပြန်လုပ်တယ်။ အဲဒီလိုလူတွေက ဘယ်လိုမှ ပါမစ်မရတော့ဘူး။ နောက် စီအိုင်ပြန်တဲ့လူ၊ blacklist ဖြစ်တဲ့လူတွေကို ပါမစ်မပေးဘူး ”

ကိုဗစ်အရေးပေါ်ကာလမှာ အလုပ်အကိုင် မရှိတော့လို့ နေရပ်ပြန်လိုတဲ့ တရားမဝင် မြန်မာလုပ်သား ၁ သောင်းကျော်ရှိပြီး သူတို့တွေလည်း မြန်မာနိုင်ငံကို ပြန်ချင်ပြန်လို့ရပြီး မလေးရှားနိုင်ငံမှာ အလုပ် ဆက်လုပ်မယ်ဆိုရင်လည်း သူတို့ရဲ့ ရွေးချယ်မှုတခု ဖြစ်တယ်လို့ ဦးအောင်ဇော်မင်းက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ငါးသိန်းကျော်လောက်ရှိပြီး အဲဒီထဲမှာ တရားမဝင် နှစ်သိန်းကျော်လောက်ပါဝင်တယ်လို့ သူက ပြောပါတယ်။

ကိုဗစ်ကပ်ဘေးကာလမှာ မလေးရှားနိုင်ငံမှာ အလုပ်အကိုင်မရှိလို့ နေရပ်ပြန်တဲ့ မြန်မာအလုပ်သမား ၅၈၀၀ လောက်ရှိနေပြီး သူတို့တွေကို အစိုးရက အရေးပေါ် ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပို့ဆောင်နေတာ ဖြစ်ပါတယ်။ အရေးပေါ်ကာလအတွင်းမှာပဲ မလေးရှားရောက် မြန်မာလုပ်သားတွေထဲက မိမိကိုယ်ကို အဆုံးစီရင်ခဲ့တာ ၁၈ ဦးထိ ရှိပါတယ်။

Crd RFA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။