ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ကိုင်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင်း

18-Jan-2021

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် စီမံကိန်း ကိုးခုအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချုပ်အားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ မြန်မာအစိုးရရဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ကနဦး အဆင့်စီမံကိန်း ကိုးခုအတွက် ရင်းနှီးတည်ဆောက်ခွင့်ရခဲ့တဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီဟာ စီမံကိန်းအကောင်အထည်ဖော်ဖို့ နှောင့်နှေးကြန့်ကြာတာ၊ စာချုပ်မှာပါဝင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ တာဝန်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လုပ်ငန်းရပ်ဆိုင်းကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကုမ္ပဏီကို အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာ တင့်ထူးနိုင်က ပြောပါတယ်။

ဒီစီမံကိန်းကို ပါဝင်ဆောင်ရွက်ဖို့ ဂျပန်အစိုးရရဲ့ အဆိုပြုလွှာကို မြန်မာအစိုးရက လက်ခံရရှိခဲ့ပြီးဖြစ်လို့ မြန်မာ၊ ထိုင်းနဲ့ ဂျပန် အစိုးရတို့ ပူးပေါင်းပြီး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။

စာချုပ် ရပ်ဆိုင်းလိုက်တဲ့အတွက် အီတာလျံ-ထိုင်း ကုမ္ပဏီက မြန်မာအစိုးရကို ဥပဒေကြောင်းအရ တုံ့ပြန် တရားစွဲဆိုလာခဲ့ရင် ကုမ္ပဏီဘက်က ပျက်ကွက်ခဲ့တဲ့ တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်လို့ အထောက်အထား ခိုင်ခိုင်လုံလုံရှိပေမယ့် ပြေလည်အောင်ညှိနှိုင်းမယ်လို့ ဒေါက်တာ ထွန်းနိုင်က ဆက်ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းရဲ့ နယ်နိမိတ်ဧရိယာဟာ မူလက ၂၀၄ စတုရန်း ကီလိုမီတာ ရှိခဲ့ပြီး နောက်ပိုင်းမှာ ၁၉၆ စတုရန်းကီလိုမီတာအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

အဲဒီထဲက ၂၇ စတုရန်းကီလိုမီတာရှိတဲ့ မြေဧရိယာပေါ်မှာ ကနဦးစီမံကိန်း ဧရိယာ သတ်မှတ်ခဲ့ပြီး ကျန်ဧရိယာကို ပင်မစီမံကိန်းဧရိယာလို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ကနဦးစီမံကိန်းကို အီတာလျံ-ထိုင်း ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားတာပါ။ အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ ၂၀၁၅ ခုနှစ်က ချုပ်ထားတဲ့ စာချုပ် ကိုးခုလုံးကို ဖျက်သိမ်းလိုက်တာပါ။

စီမံကိန်း ဧရိယာ ကြီးမားကျယ်ပြန့်တာက ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်အခဲဖြစ်ပြီး နိုင်နိုင်နင်းနင်းရှိမယ့် ဧရိယာကို ရွေးချယ်လုပ်ကိုင်သင့်တယ်ဆိုတဲ့ သင်ခန်းစာ ရခဲ့တယ်လို့လည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမူ ကော်မတီက ပြောပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့ ကနဦးလုပ်ငန်းတွေထဲမှာ ၁ဝ မိုင်ပတ်လည် စက်မှုဇုန်တစ်ခု၊ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နှစ်လမ်းသွားလမ်းမ၊ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ အသေးစားဆိပ်ခံတစ်ခု၊ ရေလှောင်ကန်တစ်ခု စတဲ့စီမံကိန်းတွေ ပါဝင်ပါတယ်။

RFA