ရခိုင်မှာ တရုတ်အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းလို့ ယူဆရတဲ့ အရာတစ်ခု ပြုတ်ကျ

28-Dec-2020

တရုတ်နိုင်ငံ အာကာသလွန်းပျံယာဉ်ရဲ့ အစိတ်အပိုင်းလို့ ယူဆရတဲ့ အရာတစ်ခု မီးတန်းကြီးတစ်ခုလို ဒီဇင်ဘာ ၂၇ ရက် ည ၁၀ နာရီကျော်ခန့်က ရခိုင်ကမ်းလွန်ပင်လယ် ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာကို တွေ့ခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူ ရခိုင်ဒေသခံတွေက ပြောပါတယ်။

ကိုယ်တိုင်မြင်လိုက်ရပြီး ဓာတ်ပုံ ရိုက်ယူထားလိုက်သူ မာန်အောင်မြို့နယ်၊ မြတ်မချောင်ကျေးရွာက ကိုအောင်လင်းထွန်းက " ည ၁၀ နာရီကျော်လောက်မှာ မီးတန်းတစ်ခု မြောက်ဘက်ကနေ မာန်အောင်ကျွန်းပေါ်ကို ဖြတ်ပြီး မာန်အောင်မြို့ တောင်ဘက် ပင်လယ်ထဲကို ကျသွားပါတယ်။ အချိန်က ၁၀ နာရီခွဲလောက်ရှိပါမယ်။ မီးတန်းကြီးဆိုတော့ တစ်ကျွန်းလုံးက ဒေသခံတွေ မြင်ရနိုင်ပါတယ်။ ကျွန်တော်တို့ ရွာပြင်ကနေ ကြည့်တာဆိုတော့ အထင်အရှား မြင်ရပါတယ်" လို့ပြောပါတယ်။

ရခိုင်ကမ်းလွန် ပင်လယ်မှာ ဒီဇင်ဘာလ ၂၇ ရက် မှာ တရုတ်နိုင်ငံ အာကာသလွန်းပျံယာဉ်ရဲ့ အစိတ်အပိုင်းတွေ ည ၁၀ နာရီ ၈ မိနစ်ကနေ ၁၀ နာရီ ၃၄ မိနစ်အတွင်း ပြုတ်ကျလာနိုင်တဲ့ အတွက် သံတွဲနဲ့ မာန်အောင်မြို့နယ်တို့မှာ ငါးဖမ်းလှေတွေ၊ မော်တော်ဘုတ်တွေကို အန္တရာယ် မဖြစ်ရအောင် သတိပေးမှုတွေ ထုတ်ပြန်ထားခဲ့တယ်လို့ ကျောတ်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။

အဲ့ဒီလို သတိပေးချက်ထုတ်ပြန်ထားသလို့ သူတို့မြင်တွေ့လိုက်ရတဲ့ အဲ့ဒီမီးတန်းကြီးကို သတိပေးချိန်အတွင်း ကျဆင်းလာတာဖြစ်လို့ တရုတ်နိုင်ငံ အာကာသလွန်းပျံယာဉ်ရဲ့ မလိုအပ်တဲ့ အစိတ်အပိုင်း ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

" ဒီက လူတွေ ခန့်မှန်းတာက မာန်အောင်ကျွန်းတောင်ဘက် ၁၆ မိုင်လောက်အကွာ ပင်လယ်ထဲကျတယ် လို့တော့ ခန့်မှန်းပြောဆိုနေကြပါတယ်။ ရေထဲကို ကျတဲ့အခါတော့ အသံလည်း ကြားရတယ်"လို့ မာန်အောင်ဒေသခံတွေက ပြောပါတယ်။

ဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မာန်အောင်မြို့နယ် ဒေသအာဏာပိုင်တွေဘက်နဲ့ အစိုးရဘက်က အတည်ပြုချက် ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

အဲ့ဒီအစိတ်အပိုင်းတွေဟာ မြန်မာနိုင်ငံ မာန်အောင်လေဆိပ်ရဲ့ တောင်ဘက် ရေမိုင် (၄၅) မိုင်ခန့်၊ သံတွဲလေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင် (၃၃) ခန့်၊ ပုသိမ်လေဆိပ်ရဲ့ အနောက်မြောက်ဘက် ရေမိုင် (၆၀) ခန့် ပင်လယ်ပြင်မှာ အာကာသယာဥ်ရဲ့ Space flight အစိတ်အပိုင်းတွေ ကျရောက်နိုင်ကြောင်း အကြောင်းကြားထားတယ်လို့ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေကနေ တစ်ဆင့်သိရပါတယ်။

BBC Burmese

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။