ပုသိမ်ထီးလုပ်ငန်းနဲ့ ဆက်စပ်သူအားလုံး ကိုဗစ်ကြောင့် အခက်တွေ့နေ

20-Nov-2020

ကိုဗစ်ကပ်ရောဂါကာလအတွင်း လက်မှုထွက်ကုန် စီးပွားရေးလုပ်ငန်းတွေ ဘဝရပ်တည်ရေးအတွက် အခက်ကြုံနေ‌ကြရပါတယ်။ အဲဒီထဲမှာ  ရိုးရာပုသိမ်ထီး လုပ်ငန်းလည်း ပါ၀င်ပါတယ်။

ဧရာဝတီတိုင်းရဲ့ ရိုးရာလက်မှု ထွက်ကုန် ပုသိမ်ထီးလုပ်ငန်းဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလာတာတွေ ပိတ်တဲ့အချိန်ကစပြီး အခက်အခဲတွေ ဖြစ်နေတယ် လို့ ပုသိမ်ထီးလုပ်ငန်းနဲ့ ဆက်စပ်သူတွေက ပြောပါတယ်။

ပုသိမ်ထီးရဲ့ ကုန်ကြမ်းတွေ ဖြစ်တဲ့ ထီးခေါင်း၊ ထီးမ နဲ့ ထီးလက်ကိုင်တွေကို ပြုလုပ်တဲ့ ကိုဂြိုလ်တု က အလုပ်မရလို့ ဝင်ငွေ မရှိတဲ့အကြောင်းကို RFA ကို အခုလိုပြောပြပါတယ်။

“ ဘာမှကို မရှိဘူး။ အခုက အလုပ်ရရှိမှုကို မရှိတာ။ နည်းနည်းလေးလောက် တစ်ရာစ၊ ငါးဆယ်စ၊ စားဖို့တောင် မရတဲ့ ဟာမျိုးလောက်တော့ တစ်ခါ တစ်ခါ လုပ်ရတယ်။ အမြဲတမ်းတော့ မဟုတ်ဘူး၊ အရင်တုန်းက ဆိုရင် တစ်နေ့ကို ခုနှစ်ထောင်ရဲ့ အထက်မှာ ရတယ်။ လုပ်တဲ့ လူတိုင်း ခုနှစ်ထောင်ရဲ့အထက် တစ်သောင်း အဲ့ဒီလိုမျိုးရတယ်။ အခု အချိန်မှာတော့ မရှိဘူး။”

ပုသိမ်ထီးရဲ့ ကုန်ကြမ်းတွေဖြစ်တဲ့ ထီးခေါင်းနဲ့ ထီးမတွေကို ထီးခရိုင်တွေ ထီးလက်တံတွေနဲ့ တွဲစပ်ပေးရတဲ့ လက်မှုလုပ်ကိုင်သူတွေလည်း ဆက်တိုက် အခက်အခဲတွေဖြစ်နေတာပါ။

ဆယ်ကျော်သက်အရွယ်ကတည်းက လက်ခစားလက်မှုလုပ်သား အဖြစ် လုပ်ကိုင်လာတဲ့ မခင်နှင်းစုလည်း ထီးရုံတွေ ပိတ်လို့ အလုပ်မရှိဘူး လို့ ဆိုပါတယ်။

“ မရတော့ဘူး။ နှစ်လ၊ သုံးလမှာ မရတော့ဘူး။ နားထားလိုက်တယ်။ ထီးရုံတွေလည်း ပိတ်။ ညီမတို့လည်း အလုပ်မလုပ်ရဘူး။ အဖေတို့က ပင်စင်စားတွေ ဆိုတော့ ညီမက ဒီအလုပ်က ဝင်ငွေ ရရင် အဖေတို့၊ အမေတို့ကို ထောက်ပံ့နေတာ။ ဒီက အလုပ်မရတော့ နည်းနည်းတော့ ကသီ သွားတာပေါ့။”

မခင်နှင်းစု လို လက်မှုလုပ်သားတွေက ပုသိမ်ထီး အလုပ်ရုံကြီး သုံးရုံနဲ့ လုပ်ငန်းငယ် နှစ်ဆယ်ကျော် ပိတ်ထားရလို့ အလုပ်လက်မဲ့ ဖြစ်နေကြတာပါ။ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ပုသိမ်ထီးလက်မှုလုပ်သား ရာနဲ့ချီပြီး ရှိတယ်လို့ ဆိုပါတယ်။

ပုသိမ်ထီး အလုပ်ရုံတွေ ကလည်း ကိုဗစ်ကြောင့် မရောင်းရလို့ အလုပ်တွေ ရပ်ထားရတယ်လို့ ပုသိမ်ထီးအလုပ်ရုံပိုင်ရှင် တစ်ဦးဖြစ်တဲ့ ဒေါ်နီနီထွန်းက ပြောပါတယ်။

“ ရောင်းကို လုံးဝ မရောင်းရဘူး။ အကုန်ရပ်သွားတာ၊ အန်တီတို့ လုပ်ငန်းက အလှုအတန်းရယ်။ ဘာသာရေးပွဲရယ်၊ အဲ့ဒါတွေ ရောင်းရတာကို ၊ နောက်ပြီး ခရီးအသွားအလာကို ရောင်းရတာကို ၊ ပြည်ပ အသာထား၊ ပြည်တွင်းစျေးကွက်တောင် အကုန်ပိတ်သွားတာ။”

ပုသိမ်ထီး လုပ်ငန်းရှင်တွေက ပြီးခဲ့တဲ့ နွေရာသီကတည်းက မရောင်းရတဲ့ ပစ္စည်းလက်ကျန်တွေ ကို အရှုံးခံပြီး သိုလှောင်ထားနေရတယ်လို့ ဆိုပါတယ်။

ရိုးရာပုသိမ်ထီးလုပ်ငန်းက နိုင်ငံတော်မှာ ပြဿနာ တစ်ခုခု ဖြစ်တိုင်း အခက်အခဲကြုံရတယ်လို့ ပုသိမ်ထီးလုပ်ငန်းရှင် ဦးအောင်ဝင်း က ပြောပါတယ်။

“ ကျနော်တို့ လုပ်ငန်းတွေက နိုင်ငံတော်မှာ ပြဿနာကြီးကြီးမားမားဖြစ်ခဲ့လို့ရှိရင် ဥပမာဆိုလို့ရှိရင် ၈၈ အရေးအခင်းမျိုး။ အခုလို ကပ်ရောဂါ ဖြစ်တဲ့အခါမျိုးဆိုရင် ကျနော်တို့ များသောအားဖြင့် ပြဿနာရှိတယ်။ ဒီလိုမျိုးဖြစ်တယ်ဟေ့ ဆိုရင် ကျနော်တို့ လုပ်ငန်းတွေ ဝယ်မယ့်သူမရှိဘူး။ ဝယ်မယ့်သူမရှိတဲ့အတွက်ကြောင့် ရပ်တည်ဖို့ ခက်ခဲသွားပါတယ်။”

ကပ်ရောဂါကြောင့် ရပ်တည်ဖို့ ခက်ခဲနေတဲ့ ပုသိမ်ထီးလုပ်ငန်းဟာ အနောက်နိုင်ငံတွေက မှာယူမှုတချို့ရှိပေမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နေရတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ ပုသိမ်ထီးလုပ်ငန်းရှင်တွေက ပြောပါတယ်။

Crd RFA